မြွေဆိပ်ဖြေဆေးအေးခဲခြောက် ထုတ်လုပ်ရေးစက်သစ် ဆေးဝါးစက်ရုံ(အင်းစိန်) ၌စတင်လည်ပတ်
ယွန်း (NSS) - သြဂုတ် ၁၅
မြွေဆိပ်ဖြေဆေး အေးခဲခြောက် ထုတ်လုပ်ရေးစက်(Freeze Dryer Machine) အသစ်ကို ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်လုပ်ရေးစက်ကို နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၁၄)ရက်တွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေ အမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ ပဲခူး၊ မကွေး အပါအဝင် အလယ်ပိုင်းဒေသများနှင့် နီးစပ်သည့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မြွေအန္တရာယ်များပြားကြောင်း သိရသည်။
“မြွေကိုက်ခံရတာက တောင်ပေါ်တွေကတော့ အဖြစ်နည်းတယ်။ မြေကိုက်ခံရတဲ့လူတွေက သွေးထဲမှာအဆိပ် ပျံ့သွားတယ်။ ကျောက်ကပ်ကိုရောက်တယ်။ ဖောရောင်လာတယ် ဒီလိုမျိုးနဲ့ဆုံးကြတယ်။ မြွေအဆိပ်ကြောင့် မဟုတ်ဘဲနဲ့ အဆိပ်ကနေ နောက်ဆက်တွဲဖြစ်တဲ့ဟာတွေကြောင့် သေတာများတယ်” ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။
မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ဆေးဝါးစက်ရုံ(အင်းစိန်)တွင် လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများ၌ သာမန်အခန်းအပူချိန်တွင် ဆေးသက်တမ်းငါးနှစ်အထိထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ဆေးဝါးစက်ရုံ(အင်းစိန်)၌ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum ကိုလည်း မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine နှင့်အတူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အစွမ်းထက်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင် ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရပြီး ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်း အမှတ်ကျောက်တိုင်ကိုစိုက်ထူးခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါးစက်ရုံ အမည်ဖြင့် ဖွင့်လှစ်ခဲ့၍ ဆေးဝါး(၄၁)မျိုးနှင့် ကပ်ရောဂါကာကွယ်ဆေး ခြောက်မျိုးတို့ကို စတင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရက်၂၀ အတွင်း မြန်မာ့ရွှေဈေး တစ်ကျပ်သား လျှင် ငါးသိန်းကျော် ခန့်မြင့်တက်လာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ