နျူကလီးယားစွမ်းအင်စက်ရုံက ထွက်ရှိမယ့်ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ပစ်မယ့် ဂျပန်အစိုးရအစီအစဉ်ကို တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ
ဂျန်ဇက် (NSS) - သြဂုတ် ၁၃
ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစွမ်းအင်စက်ရုံက ထွက်ရှိမယ့်ရေဆိုးတွေကို သမုဒ္ဒရာထဲကို စွန့်ပစ်ဖို့ လုပ်ဆောင်နေခြင်းကို မကျေနပ်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သြဂုတ် ၁၂ ရက်က ပြည်သူထောင်ချီ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
နျူကလီးယားစွမ်းအင်စက်ရုံက ထွက်ရှိမယ့် ရေဒီယိုသတ္တိကြွရေဆိုးတွေကို သမုဒ္ဒရာထဲကို စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အိမ်နီးချင်းနိုင်ငံများက ကန့်ကွက်မှုများရှိနေပေမယ့် ဂျပန် အစိုးရက ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ပစ်မယ့်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။
တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများက ဂျပန်နိုင်ငံရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း၊ ပစိဖိတ်သမုဒ္ဒရာကို ကာကွယ်ရမှာဖြစ်ကြောင်း စတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆိုးလ်မြို့မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ Korea Radiation Watch အဖွဲ့ရဲ့တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Choi Kyoungsook က " ရေဒီယိုသတ္တိကြွရေဆိုးတွေ သမုဒ္ဒရာထဲကိုရောက်ရှိချိန်မှာ ရေတွေဟာ ရေဆိုးတွေဖြစ်လာပြီး ပင်လယ်ရေကြောင်း ecosystem စနစ်ကို ဖျက်ဆီးဖွယ်ရှိနေပါတယ်။ ပင်လယ်၊ သမုဒ္ဒရာတွေဟာ ဂျပန်အစိုးရသာမက ကျွန်တော်တို့ အားလုံးအတွက် ကောင်းမွန်မှုတွေ ရှိလာတော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဖူကီရှီးမား နျူကလီးယားစွမ်းအင်စက်ရုံကနေ တစ်ရက်ကို ရေဒီယိုသတ္တကြွပစ္စည်းများ ပါဝင်နေတဲ့ ရေဆိုး ၁ဝဝ ကုဗမီတာ ထုတ်လုပ်နေရာ အဲဒီရေဆိုးတွေကို ကြီးမားတဲ့ကန်ကြီးတွေထဲ သိုလှောင်ထားရကြောင်း သိရပါတယ်။
ဂျပန်အစိုးရကတော့ အဆိုပါရေဆိုးတွေ စွန့်ပစ်မှုတွေကို နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုထားပေမယ့် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
ကုလသမဂ္ဂရဲ့နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA ကတော့ ပင်လယ်ထဲကို ရေဆိုးစွန့်ပစ်မယ့် ဂျပန်အစိုးရဲ့ အစီအစဉ်ကို ထောက်ခံပေးထားကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ သမုဒ္ဒရာထဲကို ရေဒီယိုသတ္တကြွရေဆိုးတွေစွန့်ပစ်မယ့် ဂျပန်အစိုးရရဲ့အစီအစဉ်ကို စိတ်ဆိုးဒေါသဖြစ်ကာ ဝေဖန် ပြစ်တင်ထားကာ ကန့်ကွက်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်စစ်ဘက်က စွမ်းအားမြင့် လေဆာလက်နက်စနစ်ကို အောင်မြင်စွာ တီထွင်လုပ်ဆောင်နိုင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ