ကမ္ဘာ့ဆန်ဈေးနှုန်းများ (၁၅)နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေ
Pika (NSS) - ဩဂုတ် ၁၂
ကမ္ဘာတစ်ဝှမ်းရှိ ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများထဲတွင်ပါဝင်သော အိန္ဒိယနိုင်ငံသည် ၎င်း၏တင်ပို့မှုများကို ကန့်သတ်လိုက်ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်လာကာဆန်ဈေးသည် (၁၅)နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
အရှေ့တောင်အာရှတွင် ဆိုးရွားသောရာသီဥတုများကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို များစွာထိ ခိုက်မှုများရှိစေခဲ့ကြောင်းလည်းသိရသည်။ ထိုင်းဆန်တင်ပို့သူများအသင်း၏ အချက်အလက်များအရ အာရှတိုက်၏ စံညွှန်းတစ်ခုဖြစ်သော Thai white 5% broken rice ဆန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၆၄၈)ဒေါ်လာထိ မြင့်တက်သွားခဲ့ပြီး (၂၀၁၈)ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများထဲတွင်ပါဝင်သော အိန္ဒိယနိုင်ငံသည် ဆန်ဖြူတင်ပို့မှု ကန့်သတ်ချက်ကို ဇူလိုင်လနှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၂ခုနှစ် အောက်တိုဘာလမှစတင်ပြီး (၃၀)ရာခိုင်နှုန်းမြင့်တက်ခဲ့သော ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ဆန်တင်ပို့မှုများကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ ဆန်သည် အာရှတိုက်နှင့်အာဖရိကတိုက်တို့ရှိ ဘီလျံနှင့်ချီသော လူများအတွက် အရေးပါသောကြောင့် အိန္ဒိယ၏ဆန်တင်ပို့မှုကန့်သတ်လိုက်ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်တွင် ဈေးနှုန်းများပိုမိုမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် အယ်နီညိုစတင်မှုနှင့်အတူ ခြောက်သွေ့သောအခြေအနေများကြောင့် လယ်သမားများကို မိုးနည်းသီးနှံများပြောင်းစိုက်ရန် အာဏာပိုင်များက တိုက်တွန်းခဲ့ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုနှင့်ပတ် သက်ပြီး နောက်ဆုံးအကြိမ်ခြိမ်းခြောက်မှုထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။ ရာသီဥတုစက်ဝန်းပုံစံပြောင်းလဲမှုများကြောင့် အရှေ့တောင်အာရှနှင့် အခြားဒေသများတွင် မိုးရွာသွန်းမှုလျော့နည်းလာခဲ့ပြီးနောက် ကောက်ပဲသီးနှံစိုက်ပျိုးမှုများအပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခင်ကဝင်ရောက်ခဲ့သော အယ်နီညိုကြောင့် ၂၀၁၅-၂၀၁၆ သီးနှံနှစ်တွင် ထိုင်းနိုင်ငံ၏ စပါးစိုက်ပျိုးဧကများလျော့နည်းခဲ့ပြီး စပါးအထွက်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် (၁၆)ရာခိုင်နှုန်းလျော့ကျလာခဲ့ကြောင်းသိရသည်။ Gro database အရ ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ စပါးစိုက်ပျိုးရာ ဒေသများတွင် ရွာသွန်းသော စုစုပေါင်းမိုးရေချိန်သည် ပြီးခဲ့သည့်နှစ်ထက်(၂၃)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုဗစ် - ၁၉ ရဲ့ အိုမီခရွန်မျိုးကွဲ EG.5 ကူးစက်မှုများ ကမ္ဘာတစ်ဝန်း မြင့်တက်လာနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ