လက်ပံတန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုကျခဲ့ရာ ဒေသခံ (၂၀၀)နီးပါး အခက်အခဲကြုံနေရ
ယွန်း(NSS) - ဩဂုတ် ၈
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုကျခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်လ (၇)ရက်၊ ည(၁၂)နာရီအချိန်ခန့်တွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် လက်ပံတန်းမြို့နယ်ရှိ ယင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေအလုံး(၅၀) ပြိုကျပျက်စီးခဲ့ကြောင်း လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ယင်းတိုက်ကွင်းကျေးရွာရှိ ဒေသခံ(၁၇၄)ဦး အိုးအိမ်မဲ့ခဲ့ကြောင်း သိရသည်။
"မနေ့ညက ၁၂ နာရီဝန်းကျင်လောက်ဖြစ်သွားတာပါ။ ယင်းတိုက်ကွင်းရွာကို အရင်တိုက်တာ။ ပြီးတော့ တခြားရွာတွေကိုတော့ လေကြမ်းလောက်ပဲဝင်တာပေါ့။ အဓိကခံရတဲ့ရွာကတော့ အိမ်တွေပြိုကုန်တယ်။ လူဦးရေ (၁၇၄)ယောက်လုံး နေစရာတွေမရှိတော့ဘူး"ဟု အထက်ပါကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဒေသခံများအား ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာအိမ်များတွင် ပို့ဆောင်ပေးထားပြီး သာယာဝတီခရိုင်ပရဟိတကွန်ရက်အဖွဲ့မှစားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
ထို့ပြင်သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လေဘေးသင့်ပြည်သူများအတွက် စားရေးသောက်ရေးအပါအဝင် နေထိုင်ရေးတို့ကိုလည်း စီမံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် ဂွေးတောက်ကွင်း(အလယ်စု)ကျေးရွာတွင် အိမ်ခြေ(၈)လုံး၊ ကိုင်းတောစုကျေးရွာတွင် အိမ်ခြေ(၉)လုံး၊ သင်တလင်း(ငှက်သိုက်)ကျေးရွာတွင် အိမ်ခြေ(၃)လုံးနှင့် မြင်ကဝကျေးရွာတွင် အိမ်ခြေ(၅)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ရာ စိုးရိမ်ရသည့်အခြေအနေတွင် မရှိကြောင်း လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
လက်ရှိတွင် သာယာဝတီခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့များ အပါအဝင် ကူညီကယ် ဆယ်ရေးအဖွဲ့အင်အား စုစုပေါင်း(၄၀)ခန့်က ရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပ တင်ပို့မှု နည်းပါးသော်လည်း ပြည်တွင်းကြက်သွန်နီဈေးကွက်မှာ ဈေးအနည်းငယ်မြင့်တက်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း