သောင်းရင်းမြစ်ရေသည် နောက်(၂)ရက်အထိ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်
ယွန်း (NSS) - သြဂုတ် ၇
သောင်းရင်းမြစ်ရေသည် နောက်(၂)ရက်အထိ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၇ ရက်) ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
မိုးဇလ၏ တိုင်းထွာချက်များအရ အဆိုပါသောင်းရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ (၃)ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ၎င်းမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
သောင်းရင်းမြစ်ရေမြင့်တက်ခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြဝတီ- ကော့ကရိတ် အာရှကားလမ်းတွင် လမ်းပြိုကျမှုများလည်း ဖြစ်ပွားခဲ့သည်။
အလားတူ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)ပေခွဲခန့် ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း အဆိုပါမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
အလားတူ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါဒေသများအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးဇလမှ အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်စီးတီးအသင်းကို အနိုင်ယူနိုင်ခဲ့ခြင်းက အာဆင်နယ်အတွက် အားတက်စရာဖြစ်စေခဲ့ဟု နည်းပြအာတီတာ ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ