ကမ္ဘာ့သမုဒ္ဒရာများ၏ ရေမျက်နှာပြင်အပူချိန်များ စံချိန်တင်မြင့်တက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေ
Pika (NSS) - ဩဂုတ် ၅
ယခုသီတင်းပတ်အတွင်း ကမ္ဘာ့သမုဒ္ဒရာများတွင် အပူချိန်မြင့်တက်မှုများ စံချိန်သစ်တင်ခဲ့ပြီးနောက် ကမ္ဘာမြေကြီး၏ရာသီဥတု၊ အဏ္ဏဝါသက်ရှိများနှင့် ကမ်းရိုးဒေသများအပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ချေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။
သမုဒ္ဒရာများ၏ရေမျက်နှာပြင်အပူချိန်သည် ဩဂုတ်လ(၄)ရက်တွင် (၂၀ ဒသမ ၉၆) စင်တီဂရိတ်ထိမြင့်တက်ခဲ့ကြောင်း ဥရောပသမဂ္ဂ ရာသီဥတုစောင့်ကြည့်လေ့လာရေးမှ ထုတ်ပြန်သောအချက်အလက်များအရသိရသည်။ သမုဒ္ဒရာများ၏ ရေမျက်နှာပြင်အပူချိန်မြင့်တက်မှုယခင်စံချိန်သည် (၂၀၁၆)ခုနှစ် မတ်လကဖြစ်ပြီး အပူချိန်(၂၀ ဒသမ ၉၅)စင်တီဂရိတ်ရှိကြောင်း ဥရောပသမဂ္ဂ၏ Copernicus Climate Change Service ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ပြောကြားခဲ့သည်။
သမုဒ္ဒရာများသည် စက်မှုခေတ်တိုးတက်လာချိန်ကတည်းက ထွက်ပေါ်လာသော အပူများ၏ (၉၀) ရာခိုင်နှုန်းကို စုပ်ယူခဲ့ကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။ အဓိကအားဖြင့် ရေနံ၊ဓါတ်ငွေ့နှင့်ကျောက်မီးသွေးတို့ လောင်ကျွမ်းခြင်းကြောင့် ကမ္ဘာ့လေထုထဲတွင် ဖန်လုံအိမ်ဓါတ်ငွေ့များ စုပုံနေခြင်းကြောင့် အပူများလည်း ပိုမိုစုပုံနေလျက်ရှိကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။
လိဒ်တက္ကသိုလ် နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ဗဟိုဌာနမှ Piers Forster က "ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ရေမျက်နှာပြင်အပူချိန်မြင့်တက်လာတာဟာ အဏ္ဏဝါသတ္တဝါတွေအတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ ဖလော်ရီဒါပြည်နယ်မှာ သန္တာကျောက်တန်းတွေ အရောင်ဖျော့လာတာကို တွေ့မြင်ရပြီးပြီဖြစ်ပြီး သက်ရောက်မှုတွေ ထပ်ရှိလာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့သည်။
သမုဒ္ဒရာများ၏ အပူလွန်ကဲမှုသည် ရွှေ့ပြောင်းနေထိုင်တတ်သော မျိုးစိတ်များ၊ ပျံ့နှံ့တတ်သော မျိုးစိတ်များအပါအဝင် အဏ္ဏဝါအပင်များနှင့် တိရစ္ဆာန်များအပေါ်တွင်လည်း အခြားသက်ရောက်မှုများရှိလာနိုင်မည်ဟု ခန့်မှန်းထားကြသည်။ ပူနွေးနေသာ သမုဒ္ဒရာများသည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို စုပ်ယူနိုင်စွမ်းနည်းပါးပြီး ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသော အယ်လ်နီညို၏ အဆိုးရွားဆုံးသက်ရောက်မှုများကို (၂၀၂၃)ခုနှစ် နှစ်ကုန်တွင်ခံစားရနိုင်ပြီး နောက်နှစ်ပေါင်းများစွာထိ အပူချိန်မြင့်တက်မှုဒဏ်များကို ခံရနိုင်ဖွယ်ရှိနေကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီးနှံများ တင်ဆောင်လာသော ကားဖြင့်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၅၃)ဦးကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ