သီးနှံများ တင်ဆောင်လာသော ကားဖြင့်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၅၃)ဦးကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၅
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက် နယ်စပ်မြို့အထွက် Huai Hin Fon ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၃ ရက်၊ ည ၁၁ နာရီကျော်က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၅၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲတပ်ဖွဲ့၊ မဲဆောက်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များသည် Huai Hin Fon စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေချိန်အတွင်း စိုက်ပျိုးလယ်ယာ ထွက်ကုန်သီးနှံများ တင်ဆောင်လာသည့် 72-7815 တပ်ဆင်ထားသည့် ၆ ဘီးတပ်ကုန်တင်ယာဉ်ပေါ်တွင် စိုက်ပျိုးရေးထုတ် ကုန်၊ သီးနှံများနှင့်အတူလိုက်ပါလာသော မြန်မာနိုင်ငံသား ၅၃ ဦးကို ရှာဖွေတွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြာင်းသိရသည်။
မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို ပို့ဆောင်မည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် မဲဆောက်မြို့ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများသည် ကားကိုစစ်ဆေးချိန်အတွင်း ကားနောက်ခန်းရှိ ဆလပ်ရွက်များအောက် ပုန်း အောင်းနေသည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိခဲ့သူများထဲမှအချို့သည် မြဝတီမြို့ရှိအာဏာပိုင်များက ထုတ်ပေးထားသော နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကိုင်ဆောင်ထားပြီး မြဝတီမြို့မှနယ်စပ်ချစ်ကြည်ရေးတံတားကိုဖြတ်သန်းကာ မဲဆောက်မြို့သို့ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ အခြား မြန်မာနိုင်ငံသား ၃၀ ကျော်သည် တရားဝင် စာရွက်စာတမ်းအထောက်အထားများ မရှိကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါမြန်မာနိုင်ငံသားအားလုံးကို ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့်ဖမ်းဆီးခဲ့ပြီး ထပ်မံစစ်ဆေးရန်အတွက် မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား Mr. Sakarin က၎င်းအနေဖြင့် ကားထဲတွင်မြန်မာနိုင်ငံသားများ ရှိနေခြင်းကိုမသိရှိကြောင်း၊ ဘန်ကောက်မြို့သို့ကားမောင်းပေးရန်အတွက် ထိုင်းဘတ် ၁၀၀၀၀ ဖြင့် ငှားရမ်းခံရခြင်းဖြစ်ကြောင်းထွက်ဆိုထားသည်။ သို့သော်လည်း မဲဆောက်မြို့ရဲတပ်ဖွဲ့သည် အသက် ၃၇နှစ်အရွယ်ရှိ ကားမောင်းသမား၏ ထွက်ဆိုချက်များကို ယုံကြည်ခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြား သားများ တရားမဝင် ပို့ဆောင်ပေးရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဈေးကွက်အတွင်း EVလျှပ်စစ်ကားတစ်မျိုးသာ ကားအသစ် ဝယ်ယူရန်လွယ်ကူတာကြောင့် စိတ်ဝင်စားသူများနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း