အနောက်အာဖရိကနိုင်ငံများက နိုင်ဂျာတွင် စစ်ရေးအရဝင်ရောက်စွက်ဖက်ရန် သဘောတူညီခဲ့ဟုဆို
Pika (NSS) - ဩဂုတ် ၅
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း ECOWAS အဖွဲ့ဝင်နိုင်ငံများ၏ စစ်တပ်များသည် နိုင်ဂျာတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူညီခဲ့ကြပြီး နောက်ဆုံးနိုင်ငံရေးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ECOWAS အဖွဲ့အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ECOWAS သည် နိုင်ဂျာနိုင်ငံတွင်ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဩဂုတ်လ(၆)ရက်မတိုင်ခင် နိုင်ဂျာသမ္မတမိုဟာမက်ဘာဇွန်ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။
ECOWAS အဖွဲ့၏ နိုင်ငံရေးဆိုင်ရာကော်မရှင်နာ Abdel-Fatau Musah က"နိုင်ဂျာကို စစ်ရေးအရဝင်ရောက်စွက်ဖက်မယ့် အစီအစဉ်တွေအားလုံးကို ဆွေးနွေးပြီးပါပြီ။ လိုအပ်တဲ့ အရင်းအမြစ်တွေ၊အင်အားဖြန့်ကျက်ချထားမှုတွေ အားလုံးကိုလည်းစီစဉ်ပြီးပါပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရလုပ်ဆောင်သွားမှာပါ"ဟုပြောဆိုခဲ့သည်။
နိုင်ဂျီးရီးယားကာကွယ်ရေးဦးစီးချုပ် Christopher Gwabin Musa က"ECOWAS အဖွဲ့အစည်းကို အာဏာသိမ်းယူမှုတွေလုပ်ဆောင်ဖို့ အသုံးပြုသွားမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဟာ ကျွန်တော်တို့ရဲ့ ရပ်တည်ရာဖြစ်သလို ကျွန်တော်တို့ ဆက်လက်တည်တံ့နိုင်စေမယ့် အရာတစ်ခုလည်းဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
နိုင်ဂျာနိုင်ငံအရေးကို ကြားဝင်စွက်ဖက်ရန် သမ္မတမိုဟာမက်ဘာဇွန်က ဩဂုတ်လ(၃)ရက်တွင် အမေရိကန်ထံ တိုက်ရိုက်အယူခံဝင်ခဲ့ကြောင်းသိရသည်။ နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်နှင့် စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အားလုံးကို ဩဂုတ်လ(၃)ရက်တွင် ရပ်ဆိုင်းခဲ့ပြီး အမေရိကန်၊ ပြင်သစ်၊ တိုဂိုနှင့်နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ သံတမန်များကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်းသိရသည်။
အမေရိကန်နှင့် ပြင်သစ်အစိုးရတို့သည် နိုင်ဂျာနိုင်ငံတွင်းရှိ ၎င်းတို့၏တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းခြင်းမျိုးမရှိသည့်အပြင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော မိုဟာမက်ဘာဇွန်ကိုသာတရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုကြောင်းပြောကြားခဲ့သည်။ နိုင်ဂျာအရေးကို စစ်ရေးအရဝင်ရောက်စွက်ဖက်သည့်နိုင်ငံများသည် ပြင်းထန်သော လက်တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း အနောက်အုပ်စုနိုင်ငံများနှင့် ECOWAS အဖွဲ့ဝင်နိုင်ငံများကို နိုင်ဂျာစစ်အစိုးရက သတိပေးပြောဆိုခဲ့သည်။
နိုင်ဂျာစစ်အစိုးရပြောရေးဆိုခွင့်ရှိသူ Amadou Abdramane က"နိုင်ဂျာကို ရန်စဖို့ကြိုးပမ်းတဲ့ နိုင်ငံတွေအားလုံးဟာ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိတ်ဆို့အရေးယူမှုများခံရသော်လည်း ရုရှားက ဥရောပတိုက်တွင် အကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ