ပြင်သစ်နှင့် စစ်ရေးသဘောတူညီမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း နိုင်ဂျာစစ်အစိုးရ ပြော
Pika (NSS) - သြဂုတ် ၄
နိုင်ဂျာနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော သမ္မတ မိုဟာမက်ဘာဇွန်ကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သော နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အများအပြားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ကိုလိုနီအရှင်သခင်ဟောင်းဖြစ်ခဲ့ဖူးသော ပြင်သစ်နိုင်ငံသည် နိုင်ဂျာနိုင်ငံအတွင်း ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲမှုများနှင့်အတူ ပြင်သစ်ဆန့်ကျင်ရေးလုပ်ငန်းများ မြင့်တက်လာချိန်တွင် နိုင်ဂျာစစ်တပ်က ယခုကဲ့သို့ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသည် အနောက်အာဖရိက Sahel ဒေသကို မတည်မငြိမ်ဖြစ်စေသော အယ်လ်ကိုင်းဒါး၊ ISIS အဖွဲ့တို့နှင့် ဆက်စပ်နေသည့်အကြမ်းဖက်အုပ်စုများ၏ သောင်းကျန်းမှုများကို ချေမှုန်းရန်အတွက် နိုင်ဂျာနိုင်ငံတွင် တပ်ဖွဲ့ဝင် (၁ဝဝဝ) မှ (၁၅ဝဝ) ကြား ထားရှိကြောင်း သိရသည်။
(၁၉၇၇) ခုနှစ်မှ (၂ဝ၂၂) ခုနှစ်အတွင်း ပြင်သစ်နှင့်သဘောတူညီခဲ့သည့် စစ်ဘက်ဆိုင်ရာသဘောတူညီချက် (၅)ချက် ကို ရုတ်သိမ်းမည့်ဆုံးဖြတ်ချက်ကို စစ်အစိုးရကိုယ်စားလှယ် Amadou Abdramane က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြင်သစ်နိုင်ငံသို့ သံတမန်ရေးရာသတိပေးချက်ကို ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ နိုင်ဂျာစစ်အစိုးရ၏ စစ်ဘက်ဆိုင်ရာသဘောတူညီမှုများ ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ပြင်သစ်အစိုးရဖက်က ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
နိုင်ဂျာတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းယူမှုသည် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း အာဖရိကတိုက်အနောက်ပိုင်း နှင့် အလယ်ပိုင်းနိုင်ငံတို့တွင် ဖြစ်ပွားသော (၇)ကြိမ်မြောက် အာဏာသိမ်းယူမှုဖြစ်ကြောင်း သိရသည်။ နိုင်ဂျာနိုင်ငံတွင် အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံ အပါအဝင် အာဖရိကနိုင်ငံများ နှင့် အနောက်အုပ်စုနိုင်ငံများသည် ဒီမိုကရေစီလမ်းကြောင်းပြန်လျှောက်လှမ်းရန်အတွက် ဖိအားပေးလျက်ရှိနေကြောင်း သိရသည်။ သို့သော်လည်း အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင် Abdourahamane Tiani က ၎င်းအနေဖြင့် ယခုလုပ်ရပ်များကို နောက်ပြန်ဆုတ်ပေးသွားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့စီးပွားရေးဘဏ်များတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၃၅၀)အတွက် ဝန်ထမ်းများခေါ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ