တရုတ်နိုင်ငံမှာ ကလေးတွေ တစ်နေ့ကို ၂ နာရီသာ ဖုန်းသုံးခွင့် ကန့်သတ်ဖို့ ကြိုးပမ်းနေ
ရောင်နီ (NSS) - သြဂုတ် ၄
တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအတွက် ၎င်းတို့ စမတ်ဖုန်းတွေ အသုံးပြုခြင်းကို တစ်ရက်မှာ အများဆုံး နှစ်နာရီအထိသာအသုံးပြုဖို့ ကန့်သတ်ထားသင့်တယ်လို့ တရုတ် Cyberspace Administration of China (CAC) ဗုဒ္ဓဟူးနေ့(သြဂုတ်လ ၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ Cyberspace Administration of China (CAC) က ၎င်းရဲ့ စမတ်စက်ပစ္စည်း ထုတ်လုပ်သူတွေကို အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေ အသုံးပြုခြင်းအပေါ်တားမြစ်မယ့် minor mode program လို့ ခေါ်တဲ့ ပရိုဂရမ်တွေ ထည့်သွင်းလုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်သူတွေဟာ အဆိုပြုထားတဲ့ပြုပြင်ပြောင်းလဲမှုတွေအောက် အချိန်ကန့်သတ်ချက်တွေကိုလည်း သတ်မှတ် ရမှာဖြစ်ကြောင်း CAC မှ ပြောကြားခဲ့ပါတယ်။ အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်း အသုံးပြုသူတွေကို တစ်ရက်ကို နှစ်နာရီသာ ခွင့်ပြုမှာဖြစ်ပြီး အသက် ၈ နှစ်မှ ၁၆ နှစ်အထိ ကလေးတွေကို တစ်ရက် တစ်နာရီ၊ ရှစ်နှစ်အောက် ကလေးတွေကို တစ်ရက် ရှစ်မိနစ်သာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။
CAC မှ အဆိုပါလမ်းညွှန်ချက်မူကြမ်း ထုတ်ပြန်ပြီးနောက် တရုတ်နည်းပညာကုမ္ပဏီတွေမှာ ရှယ်ယာအများစု ကျဆင်းသွားခဲ့ပါတယ်။ Bilibili နဲ့ Kuaishou မှာ ၆.၉၈ ရာခိုင်နှုန်းနဲ့ ၃.၅၃ ရာခိုင်နှုန်း၊ WeChat မှတစ်ဆင့် အသုံးပြု ရတဲ့ Tencent Holdings မှာ ၂.၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
Shanghai Shenlun ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ ရှေ့နေတစ်ဦးဖြစ်တဲ့ ရှီအာဟိုင်လောင်က အစိုးရရဲ့စည်းမျဉ်း တွေဟာ အင်တာနက်ကုမ္ပဏီတွေအတွက် ခေါင်းခဲစရာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ "ဒီစည်းမျဉ်း ဥပဒေ သစ်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့ အားထုတ်မှုနဲ့ ထပ်လောင်း ကုန်ကျစရိတ်များစွာ လိုအပ်နိုင်တယ်" လို့ ၎င်းက ဆိုပါတယ်။
အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း လူငယ်တွေ မျက်စိအဝေးမှုန်ခြင်း၊ အင်တာနက်စွဲလမ်းမှုနှုန်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ အစိုးရဟာ ၂ဝ၂၁ ခုနှစ်က အသက် ၁၈ နှစ်အောက် ဗီဒီယိုဂိမ်း ကစားသူတွေအတွက် ညမထွက်ရအမိန့် ချမှတ်ခဲ့ပါတယ်။ ၎င်းဟာ Tencent လို ဂိမ်းကုမ္ပဏီကြီးတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ Bilibili၊ Kuaishouနဲ့ ByteDance လို ဗီဒီယိုမျှဝေတဲ့ ပလပ်ဖောင်းတွေ ဟာ သုံးစွဲသူတွေအတွက် အသုံးပြုမှုကြာချိန်ကန့်သတ်ထားတဲ့ “ဆယ်ကျော်သက်မုဒ်တွေ” ကို ၂ဝ၁၉ ခုနှစ် ကတည်းက ကမ်းလှမ်းခဲ့ပါတယ်။
ByteDance ရဲ့ TikTok အက်ပ် Douyin ဟာ ဆယ်ကျော်သက်တွေကို မိနစ် ၄ဝ ထက်ပို အသုံးမပြုနိုင်ဖို့ ကန့်သတ် ထားပါတယ်။ အာဏာပိုင်တွေကတော့ ၎င်းတို့အနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုက္ခသည်များ နေရပ်ပြန်ရေး သုံးနိုင်ငံပါ၀င်သည့်လုပ်ငန်းစဉ် အမြန်ဆုံး စတင်ရန်ရှိပြီး သင့်လျော်သော အချိန်ရှာဖွေနေဟု ဒါကာပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ