ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း(၁၀)ခုနီးပါး ဖွင့်လှစ်ထားရသည့် ဘီးလင်းမြို့၌ သောက်သုံးရေများ အရေးပေါ်လိုအပ်နေ
ယွန်း (NSS) - သြဂုတ် ၃
ဘီးလင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်မှစတင်ကာ ယမန်နေ့(သြဂုတ်လ ၂ ရက်)အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း(၂၅)ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဘီးလင်းမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မိုးက (၂၇)ရက်နေ့လောက်ကနေစပြီး တောက်လျှောက်ရွာတာ ဒီနေ့ကတော့ နေနည်းနည်းပြန်လင်းနေတယ်။ ရေကြီးသွားတာ စုစုပေါင်း ဘီးလင်းမြို့ထဲက ကျေးရွာပေါင်း (၂၅)ခုလောက်တော့ရှိမယ်။ မြေနိမ့်ပိုင်းတွေလည်းပါတာပေါ့”ဟု ဘီးလင်းမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ကယ်ဆယ်ရေးစခန်းပေါင်း (၁၀)ခုဖွင့်လှစ်ထားပြီး ရေကြီးရေလျှံမှုများဖြစ်ပွားရာ ကျေးရွာများရှိ လူဦးရေစုစုပေါင်း (၅၀၀)နီးပါး ပြောင်းရွှေ့နေထိုင်ရလျက်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများအတွက် သောက်ရေသည် အရေးပေါ်လိုအပ်နေပြီး တာဝန်ရှိသူများအနေဖြင့်လည်း စားနပ်ရိက္ခာထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“စားနပ်ရိက္ခာတွေလိုအပ်နေတာပေါ့ အဓိကကတော့ ကျန်တာတွေထက်ကို သူတို့အနေနဲ့ သောက်ရေလိုနေတယ်။ ရေတွေကြီးတော့ မြစ်ရေတွေဖြစ်ကုန်တဲ့အတွက် အဲဒီရေတွေကသောက်လို့မရဘူးလေ။ ရေကတော့ အဓိကလိုအပ်နေတယ် ရေမရှိလို့မဖြစ်ဘူး” ဟု ဘီးလင်းမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
လက်ရှိတွင် မိုးဆက်လက်ရွာသွန်းခြင်းမရှိသောကြောင့် ရေများပြန်ကျသွားသည့် အခြေ အနေတွင်ရှိနေပြီး မနက်ဖြန်(သြဂုတ်လ ၄ ရက်)တွင် အချို့ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် သထုံမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၃ ရက်) တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်နေကြောင်း သိရသည်။
အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုအလှများအား ဖော်ထုတ်မြှင့်တင်ရန် Tourism & Green Investments ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ