ရာထူးက ဆင်းမပေးဘူးဆိုရင် နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးအရ အရေးယူသွားမယ်လို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ သတိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၃၁
နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်အနေနဲ့ ရာထူးက မဆင်းပေးဘူးဆိုရင် စစ်ရေးအရအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အနောက်အာဖရိကနိုင်ငံတွေက သတိပေးပြောဆိုလိုက်ပါတယ်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ နဲ့ ဖွဲ့စည်းထားတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) က နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်ကို ရာထူးက ဆင်းပေးဖို့ နဲ့ ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတမိုဟာမက် ကို ပြန်လည်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အနောက်အာဖရိကနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ဇူလိုင် ၃ဝ ရက်က နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့မှာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်ကို ရာဇသံပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်အနေနဲ့ ၇ ရက်အတွင်း ရာထူးက ဆင်းပေးဖို့ နဲ့ တောင်းဆိုမှုတွေကို မလိုက်နာပါက နိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပြန်လည်ကျင့်သုံးနိုင်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အနောက်အာဖရိကနိုင်ငံတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။
အနောက်အာဖရိကနိုင်ငံများအဖွဲ့က "အရေးယူဆောင်ရွက်မယ့်အစီအစဉ်တွေထဲမှာ အင်အားသုံးဖြေရှင်းတာမျိုးတွေလည်း ပါဝင်ပါတယ်။ လိုအပ်လာမယ်ဆိုရင် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်တွေကို ချက်ချင်းတုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အာဖရိကယူနီယံအဖွဲ့ကလည်း နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်အနေနဲ့ ၁၅ ရက်အတွင်း ရာထူးက ဆင်းပေးဖို့ ငြင်းဆန်မယ်ဆိုရင် အရေးယူတုံ့ပြန်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံရဲ့ရွေးကောက်ခံသမ္မတ Bazoum ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်တပ်ရဲ့ထိန်းသိမ်းခံရမှုနဲ့အတူ ရာထူးက ဖြုတ်ချခံခဲ့ရကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Abdourahamane Tiani က သမ္မတကို ရာထူးက ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံခေါင်းဆောင်အသစ်အဖြစ် ကြေညာခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဖရိကယူနီယံတို့က နိုင်ဂျာစစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ကလည်း နိုင်ဂျာနိုင်ငံအပေါ်ခွင့်ပြုထားတဲ့အကူအညီအားလုံးကို ဖြတ်တောက်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ(၂၅)ခုအတွက် လျှောက် လွှာများခေါ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ