အလုပ်သမားအဖွဲ့အစည်း အပါအဝင် အလုပ်ရှင်အဖွဲ့အစည်းပေါင်း (၃၀၀၀)ကျော်ကို အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားဟု ဝန်ကြီးဌာန အသိပေး
ယွန်း (NSS) - ဇူလိုင် ၃၁
အလုပ်သမားအဖွဲ့အစည်းများ အပါအဝင် အလုပ်ရှင်အဖွဲ့အစည်းပေါင်း (၃၀၀၀)ကျော်ကို အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာနက ယနေ့(ဇူလိုင်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ILO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ILO Convention No.87 ပါသည့် အသင်း အဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှုအဖြစ် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)နှင့် (ခ)တို့တွင်ပါရှိသည့် သက်မှတ်ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှန်ကန်ပါက အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်ခွင့်ပြုကြောင်း ဝန်ကြီးဌာနမှ အသိပေးထားသည်။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံပြီး လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်ရှင်အဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများကို ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း (၂၅)ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း (၁)ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း (၁၅၆)ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း (၂၆)ဖွဲ့၊ အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၂၄)ဖွဲ့တို့ကိုလည်း ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းပြီးချိန်မှစ၍ ယနေ့အထိ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း(၃၀၄၃)ဖွဲ့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံရှိ နိုင်ငံရေးပါတီစုဝေးပွဲတစ်ခုအတွင်း အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၄၄)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ