ပင်လယ်ထဲမှာ နစ်မြှုပ်သွားတဲ့ မြန်မာသင်္ဘောသားတွေ လိုက်ပါအလုပ်လုပ်နေတဲ့ ကုန်တင်သင်္ဘောကို ပြန်လည် ဆယ်ယူ
ဂျန်ဇက် (NSS) - ဇူလိုင် ၃၁
မြန်မာနိုင်ငံသား သင်္ဘောသားများ လိုက်ပါအလုပ်လုပ်နေပြီး ပင်လယ်ထဲမှာနစ်မြှုပ်ခဲ့တဲ့ MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောကို ဇူလိုင် ၃ဝ ရက်က ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံ Sebuyau ပင်လယ်ပြင်မှာ နစ်မြှုပ်သွားတဲ့သင်္ဘောကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးနောက် ပျောက်ဆုံး လျက်ရှိနေဆဲဖြစ်တဲ့သင်္ဘောသား ၄ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း၊ သင်္ဘောသား ၄ ဦးဟာ သင်္ဘော အတွင်း ပိတ်မိနေမယ်လို့ ယုံကြည်ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး Azman Md Yunus က ပြောပါတယ်။
မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ဟာ နစ်မြှုပ်နေတဲ့သင်္ဘောကို ဇူလိုင် ၂ဝ ရက်မှ စတင်ပြီး ရှာဖွေ ကယ်ဆယ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ သင်္ဘောနစ်မြှုပ်သွားချိန်မှာ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ၄ ဦး အပါအဝင် ၈ ဦးပါဝင်ခဲ့ပြီး ပျောက်ဆုံးနေခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှာ ရုပ်အလောင်း ၄ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာ လက်ရှိအချိန်အထိ အတိအကျ မသိသေးကြောင်း သိရပါတယ်။
အဆိုပါသင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ သက်မင်းဇူလိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်း၊ ထွန်းလင်းဦးတို့ အပြင် မလေးရှားနိုင်ငံသား ၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့ လိုက်ပါအလုပ်လုပ်ခဲ့ကြောင်း သိရပါတယ်။
မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့အကြီးအကဲက "သင်္ဘောကို အောင်မြင်စွာပြန်လည်ဆယ်ယူနိုင်ခဲ့တယ်။ Sebuyau ပင်လယ်ပြင်ရဲ့အနောက်မြောက်ပိုင်း ရေမိုင် ၈ မိုင်အကွာမှာ သင်္ဘောကို ပြန်ဆယ်ယူနိုင်ခဲ့တာပါ" လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြန်လည်ဆယ်ယူခဲ့တဲ့သင်္ဘောအတွင်း ရှာဖွေမှုများကို ဇူလိုင် ၃၁ ရက်မှာ ပြုလုပ် သွားဖွယ်ရှိနေပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့သင်္ဘောသား ၄ ဦးကို ပြန်လည်ကယ်တင်နိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်တွေက သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့သင်္ဘောသား ၈ ဦးရဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်ခြင်း မျိုးမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံပိုင်နက်တွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတော့မှာဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ