ရုရှားနိုင်ငံပိုင်နက်တွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတော့မှာဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၃၁
ရုရှားနိုင်ငံပိုင်နက်တွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတော့မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ထုတ်ဖော်ပြောလိုက်ပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံ မြို့တော် မော်စကိုမြို့ကို ဒရုန်းသုံးစင်းနဲ့ တိုက်ခိုက်ခဲ့ပြီး နောက် သမ္မတဇီလန်စကီးက အခုလိုမျိုးထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။
ယူကရိန်းသမ္မတက "စစ်ပွဲဟာ ရုရှားနိုင်ငံပိုင်နက်တွေမှာ ပြန်လည်ဖြစ်ပွားလာတော့မှာပါ။ ယူကရိန်းဟာ တောင့်တင်းသန်မာမှုတွေ ရှိပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဆောင်းတွင်းကာလမှာ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ရုရှားဘက်က တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်လာမယ်ဆိုရင် တုံ့ပြန်ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်။ ရုရှားဟာ ကျွန်တော်တို့ရဲ့စွမ်းအင်ကဏ္ဍာတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ ရုရှားဟာ လာမယ့်ဆောင်းရာသီမှာ စွမ်းအင်နဲ့ အဓိကအရေးပါတဲ့အခြေခံအဆောက်အဦးတွေကို တိုက်ခိုက်လာဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။
ရုရှားစစ်ဘက်ကတော့ ၎င်းတို့အနေနဲ့ မော်စကိုမြို့ကို တိုက်ခိုက်ဖို့လွှတ်တင်လိုက်တဲ့ ယူကရိန်းရဲ့တိုက်ခိုက်ရေး ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေ ဟာ ခရိုင်းမီးယားဒေသကို ဒရုန်း ၂၅ စင်းနဲ့တိုက်ခိုက်ဖို့ ယူကရိန်းရဲ့ကြိုးပမ်းမှုတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းဟာ ဇွန်လအစောပိုင်းတည်းက သိမ်းပိုက်ခံထားရတဲ့ပိုင်နက်တွေကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ ရုရှားတပ်ဖွဲ့ များအပေါ် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရဘဲ ရှိနေခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ ၂ဝ၂၃ ခုနှစ် နှစ်စပိုင်းတည်းက ယူကရိန်းနဲ့ ရုရှားနယ်စပ်ဒေသကို ဖြတ်ကျော်ပျံသန်းပြီး တိုက်ခိုက်မယ့်ဒရုန်းတွေကို ပို့လွှတ်နေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမိုင်းမုဒိတာအိမ်ရာရှိ (၄)လွှာတိုက်ပေါ်မှ လူငယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ