အယ်လ်နီညိုကြောင့် လာမည့်နွေရာသီ၌ ရေရှားပါးမှုများကြုံတွေနိုင်ပြီး ရေကြိုတင်သိုလှောင်ထားရန် မိုးဇလအကြံပြု
ယွန်း (NSS) - ဇူလိုင် ၃ဝ
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် နွေရာသီ၌ရေရှားပါးမှုများ ကြုံတွေ့နိုင်ခြင်းကြောင်း ရေကိုကြိုတင်သိုလှောင်ထားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးပြောကြားထားသည်။
လက်ရှိတွင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ အယ်လ်နီညိုသည် အားအနည်းငယ်သာရှိသည့် အခြေအနေတွင်ရှိနေသော်လည်း သြဂုတ်လတွင် အားအသင့်အတင့်ရှိသော အခြေအနေသို့ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ကမ္ဘာ့ရာသီဥတုစောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ချက်အရ အဆိုပါအယ်လ်နီညိုရာသီဥတုသည် လာမည့် ဒီဇင်ဘာလတွင် အားကောင်းမှုအမြင့်ဆုံးအနေအထားသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
“အခုလည်း သက်ရောက်မှုကတော့ ရှိပါတယ်။ သိပ်ပြီးသိသာထင်ရှားတဲ့ သက်ရောက်မှုမျိုးမရှိသေးတာပါ။ အယ်လ်နီညိုဖြစ်လာရင်တော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ မုန်တိုင်းတွေ ပိုဖြစ်မယ်။ အခုက ပြောလို့တော့မရသေးဘူး။ အားအကောင်းဆုံးအယ်လ်နီညိုအနေအထားဖြစ်နိုင်တာကတော့ ဒီဇင်ဘာလမှာလို့တော့ မှန်းထားကြတယ်” ဟု ဦးလှထွန်းက NP News ကို ပြောသည်။
အဆိုပါ အယ်နီညိုဖြစ်စဉ်အား အဓိကခံစားရမယ့်နိုင်ငံများမှာ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါနိုင်ငံများထက် သက်ရောက်မှုနည်းမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ကမ္ဘာတစ်ခုလုံး၏ ရာသီဥတုပြောင်းလဲမှုဖြစ်ခြင်းကြောင့် အားကောင်းသည့် အယ်လ်နီညိုအဖြစ်ပြောင်းလဲရောက်ရှိပါက မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် (၁၉၉၇)ခုနှစ်နှင့် (၂ဝ၁ဝ) ပြည့်နှစ်များကဲ့သို့ အပူချိန်စံချိန်တင်သည့်အထိ မြင့်တက်နိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။
“အယ်လ်နီညိုရဲ့သဘောတရားက ခြောက်သွေ့တယ်၊ မိုးရွာသွန်းမှုနည်းမယ်၊ အပူချိန်တွေများမယ် ဒါပေမယ့် မြန်မာနိုင်ငံကတော့ ထိခိုက်ခံစားရမှုဆိုးတဲ့နိုင်ငံထဲမှာတော့ မပါဘူး။ ဒါပေမယ့် အယ်လ်နီညိုက ကမ္ဘာကြီးတစ်ခုလုံးရဲ့ရာသီဥတုကို အပြောင်းအလဲဖြစ်စေတယ်လို့ဆိုထားတာရှိတော့ မြန်မာနိုင်ငံအနေနဲ့လည်း အနည်းနဲ့အများတော့ ခံစားရမယ်” ဟု ဦးလှထွန်းက ပြောသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူချိန်မြင့်မားပြီး မိုးရွာသွန်းမှုလျော့နည်းနိုင်ခြင်းကြောင့် လာမည့်နွေရာသီတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ပြီး ပြည်သူများအနေဖြင့် ရေကို ကြိုတင်စုဆောင်းထားရန်လိုကြောင်း သိရသည်။
ထို့ပြင် အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုသည် လာမည့် (၂ဝ၂၄) အစောပိုင်းကာလများတွင် ပိုလာနိုင်ပြီး မိုးစပါးနှင့် နွေစပါးထုတ်လုပ်မှုများကို ထိခိုက်နိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှား၌ အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး လှေကားပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ