မော်စကိုမြို့ကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ ဒရုန်းသုံးစင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
ယူကရိန်းဟာ ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ပေမယ့် ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါပေမယ့် ယူကရိန်းရဲ့ဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် ဇူလိုင် ၃ဝ ရက်မှာ မော်စကိုမြို့ရှိ နိုင်ငံတကာလေဆိပ်ကို ယာယီပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ ဒရုန်းတွေဟာ မော်စကိုမြို့ရှိ ရုရှားအစိုးရအဆောက်အဦးတွေကို ပျံသန်းတိုက်ခိုက်ဖို့ ဦးတည်လာခဲ့ခြင်းဖြစ်ပြီး ဒရုန်းတစ်စင်းကို မြို့အစွန့်မှာ ပစ်ချနိုင်ခဲ့ပြီး ဒရုန်းနှစ်စင်းကို "electronic warfare” နဲ့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဒဏ်ရာရသူမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းရဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ပြစ်တင်ဝေဖန်ထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ဇူလိုင် ၃ဝ ရက်နေ့ နံနက်ပိုင်းက ယူကရိန်းဟာ ဒရုန်းတွေနဲ့ မော်စကိုမြို့ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒရုန်းတစ်စင်းကို Odintsovo ဒေသရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဖျက်ဆီးနိုင်ခဲ့တယ်။ ကျန်ဒရုန်းနှစ်စင်းကို electronic warfare နဲ့ တုံ့ပြန်ခဲ့တယ်။ အဲဒီဒရုန်းနှစ်စင်းစလုံး ထိန်းချုပ်လို့မရဘဲဖြစ်ခဲ့တယ်။ ဒရုန်းတွေ ပျက်ကျမှုကြောင့် မြို့တော်အဆောက်အဦးနှစ်ခု အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်" လို့ ပြောပါတယ်။
မော်စကိုမြို့ရှိ Vnukovo လေဆိပ်ရဲ့ပြည်ပထွက်ခွာ နဲ့ ပြည်တွင်းဆိုက်ရောက်ခရီးစဉ်တွေကို ၁ နာရီကျော်အကြာ ပိတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ လေကြောင်းခရီးစဉ်တွေကို ပြန်ဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းဟာ ဇွန်လအစောပိုင်းမှာ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့သလို ရုရှားပိုင်နက်မော်စကိုမြို့ကိုလည်း ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ အရှိန်မြင့်ကြိုးပမ်းလာခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားပိုင်နက်တွေကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့ပြီး ရုရှားတောင်ပိုင်းကိုပစ်ခတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပစ်ချနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦး အွန်လိုင်း challenge တစ်ခုအတွက် မီးသီးတစ်လုံးကို ပါးစပ်ထဲထည့်ရာမှ ပြန်ထုတ်မရခြင်းကြောင့် ဆေးရုံရောက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ