လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အုတ်တံတိုင်းပြိုခြင်း နှင့် ဓာတ်တိုင်ကျိုးမှုများ သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပွား
ယွန်း (NSS) - ဇူလိုင် ၂၉
သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အုတ်တံတိုင်းပြိုခြင်းနှင့် ဓာတ်တိုင်ကျိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင်လ ၂၈ ရက်)၊ ညနေ(၄)နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်ရှိ ကြာကန်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်အတွင်းရှိ မူလွန်စာသင်ကျောင်း၌ အပင်များပြိုလဲခဲ့ပြီး ကျောင်းအုတ်တံတိုင်း အပါအဝင် အသစ်ပြန်လည်ပြုလုပ်ထားသည့် ဓာတ်မီးတိုင်များလည်း ပြိုလဲခဲ့ကြောင်း အထက်ပါအသင်းမှ ပြောသည်။
“မနေ့ကပိတ်ရက်ဆိုတော့ ကျောင်းသားတွေတော့မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူလည်းမရှိပါဘူး။ ဓာတ်မီးတိုင်တွေကိုလည်း အခုပြန်ပြင်နေပါပြီ။ အပင်တွေကလမ်းတွေပိတ်နေတာဆိုတော့ လမ်းရှင်တာတင် နှစ်နာရီလောက်ကြာတယ်”ဟု စေတနာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့(ဇူလိုင်လ ၂၉ ရက်)၊ နံနက်(၈)နာရီအချိန်ခန့်တွင်လည်း သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက်ကြီး (၂)ခုအပါအဝင် မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာနှင့် ရေးမြို့ရှိ ဟံဂံကျေးရွာတို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မိုးက ညကတည်းက ရွာတာတော်တော်ကြီးတယ်။ ရေကလည်း မနေ့ညကထဲက လမ်းမပေါ်တွေမှာ တက်နေတာ။ ဒီမနက်မှာတော့ သုံးပေခွဲလောက်ကို တက်လာတယ်။ အိမ်တွေမြုပ်တာတို့၊ မျောသွားတာတို့မရှိဘူး။ ရေကတော့ ပြန်ကျသွားပါပြီ”ဟု စေတနာရှင် လူမှုကူညီရေး အသင်းထံမှ သိရသည်။
အလားတူ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတွင်လည်း ချောင်းရေလျှံမှုကြောင့် လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းတို့၏ အကျိုးသက်ရောက်မှုကြောင့် မွန်ပြည်နယ် အပါအဝင် ဒေသအချို့၌ ယခုရက်ပိုင်းအတွင်း မိုးပိုနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Online Shopping များ မှတ်ပုံတင်ကြေး သတ်မှတ်ချက် လုပ်ငန်းအလိုက်ကွာခြားမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း