ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်တို့ နေပြည်တော်၌ တွေ့ဆုံ
NSS – ဇူလိုင် ၂၈
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့သည် ယမန်နေ့(ဇူလိုင်လ ၂၇ ရက်)တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် နှစ်ဖက်အကြား ဆွေး နွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းသည် ယခု ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။
၎င်းကဲ့သို့ မတွေ့ဆုံမီ မစ္စတာတိန့်ရှီးကျွင်းသည် ယခုနှစ် ဖေဖော်ဝါရီလ၌ပင် မြန်မာ-တရုတ်နယ်စပ်ရှိ UWSA “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့သည် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းသည် ယခု မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ ထောင်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသွားဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိနေသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြားဝင်ကူညီဆောင်ရွက်ပေးနေမှုများရှိပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံက လိုလားကြောင်း နစကမှ ထုတ်ဖော်ပြဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းအပါအဝင် ရန်ကင်း နှင့် တာမွေမြို့နယ်တို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ