သင်္ဘောသားများ စည်းကမ်းထိန်းသိမ်းရေး နှင့် တာဝန်မဲ့ အေဂျင်စီများကို အရေးယူနိုင်ရန် စီစဉ်နေ
NSS - ဇူလိုင် ၂၇
သင်္ဘောသားများအတွက် စည်းကမ်းထိန်းသိမ်းရေး နှင့် တာဝန်မဲ့သည့်အေဂျင်စီများကို အရေးယူနိုင်ရန်ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
အဆိုပါ အရေးယူမှုများဆောင်ရွက်နိုင်ရန် ဒေါပုံမြို့နယ်မှ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနရုံး (DMA) တွင် ဇူလိုင်လ ၂၁ ရက်က ဝန်ကြီးဌာနတာဝန်ရှိသူများ၊ သင်္ဘောသားအရေးလုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ ရေကြောင်းပညာရပ်ပို့ချနေသည့် တက္ကသိုလ်ကောလိပ်မှ တာဝန်ရှိသူများ၊ ရေကြောင်းဆိုင်ရာဥပဒေပညာရှင်များနှင့် ပြည်တွင်းပြည်ပကုန်သွယ်ရေကြောင်းသင်္ဘောပိုင်ရှင်များက ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးပွဲ၌ ပို့ဆောင်ရေးဝန်ကြီးဌာနက ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော စည်းကမ်းထိန်းသိမ်းရေးနှင့် စပ်လျဥ်းသည့်ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးသားနိုင်ရန် တက်ရောက်လာသူများက ဆွေးနွေးအကြံပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိသင်္ဘောသားလောကတွင် ဖြစ်ပွါးသောအမှုအများစုသည် မြန်မာသင်္ဘောသားအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခြင်း ၊ လူသေဆုံးခြင်း ၊ လုပ်ငန်းခွင်စည်းကမ်းဖောက်ဖျက်ခြင်း၊ သင်္ဘောသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပိုင်ရှင်နှင့် အေဂျင်စီများက ဖောက်ဖျက်ခြင်းရှိခြင်းကြောင့် သင့်တင့်သည့် ပြစ်ဒဏ်ချမှတ်အရေးယူနိုင်ရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့စည်းရန်လိုအပ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ကအကြံပြုတင်ပြထားကြောင်းသိရသည်။
"အထူးသဖြင့် လူသစ်တွေပေါ့ ၊ သင်္ဘောပြထားတာကတစ်မျိုး ၊ တကယ်ရောက်သွားတဲ့သင်္ဘောကတစ်မျိုး ၊ ကြည့်လိုက်တော့ သူတို့ပို့လိုက်တဲ့အေဂျင်စီက လိုင်စင်မရှိဘူး ။ တော်တော်ရှင်းရ၊ ကိုင်တွယ်ရ ခက်တယ်ပေါ့။ သင်္ဘောပိုင်ရှင်နဲ့ ပတ်သတ်လို့ဖြစ်လာတဲ့အရေးယူရမဲ့အခါမှာ သင်္ဘောသားကို မျက်နှာလွှဲခဲပစ်လုပ်တဲ့ ပိုင်ရှင်နဲ့ SRPS (တရားဝင်ခွင့်ပြုချက်ရ သင်္ဘောသားအလုပ်အကိုင်အေဂျင်စီ) တွေကိုလဲ အရေး ယူဖို့လိုတယ်။ ဥပမာပြောရရင် မဒါဂါစကာမှာ ထောင်ကျခံနေရတဲ့ ကလေးနှစ်ယောက်ကိစ္စက အထင်ရှားဆုံးဥပမာပဲလေ ။ အဲဒီတော့ သင်္ဘောသားကိုလဲ အရေးယူနေသလို SRPS ကိုလဲ အရေးယူတာကို စည်းကမ်းထိန်းသိမ်းရေးထဲမှာထည့်ဖို့ တိုက်တွန်းလိုပါတယ်"ဟု MSF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
လက်ရှိတွင် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်(MSF) အနေဖြင့် လျော်ကြေးရလိုမှု၊ လူသေမှု၊ အခြားနိုင်ငံတွင် ဖမ်းဆီးခံထားရမှု၊ အသက်သေဆုံးမှုများအပါအဝင် အမှုပေါင်းတစ်ရာကျော် တိုင်ကြားစာလက်ခံရရှိထားပြီး ယင်းအမှုများမှ ၅၇ ခုသည် ပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောဇွန်လအတွင်းက မှောင်ခိုသင်္ဘောတွင်လိုက်ပါမိ၍ အာဖရိကတိုက်မှ နိုင်ငံတစ်ခုဖြစ်သော မာဒါဂါစကာနိုင်ငံမြန်မာနိုင်ငံသားသင်္ဘောသားနှစ်ယောက်ဖမ်းဆီးခံရကာ ထောင်ဒဏ် ၂၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရပြီး ယင်းသင်္ဘောသားများကို တရားဝင်လိုင်စင်မရှိသော အေဂျင်စီက ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လကုန်ရက်ပိုင်းများတွင် ရန်ကုန် အပါအဝင် ဒေသအချို့၌ မိုးပိုလာနိုင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ