ဥပဒေရေးရာ နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် တပ်ချုပ်နှင့် ရုရှားတရားသူကြီးချုပ်တို့ နေပြည်တော်၌ ဆွေးနွေး
မျိုးကြီး (NSS) - ဇူလိုင် ၂၆
ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားတရားသူကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့နှင့် ရုရှားနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များအနေဖြင့် ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များလေ့လာနိုင်မည့် အခြေအနေများ၊ ဥပဒေရေးရာကဏ္ဍနှင့် တရားစီရင်ရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ပြောသည်။
၎င်းဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဒေါက်တာသီတာဦးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရုရှားနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ်တို့သည် နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့တွေ့ဆုံရာတွင်လည်း မြန်မာ-ရုရှားနှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် ရုရှားနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့သည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်တွင် မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဥပဒေရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိလိုက်စားမှု ကျူးလွန်ရာမှရရှိသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနှင့်ရုရှားတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား၌ ကာကွယ်ရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုကောင်းမွန်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၈)တန်းကျောင်းသားတစ်ဦး နေအိမ်ပေါ်၌ ကြိုးဆွဲချအဆုံးစီရင်မှု မကွေးမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ