ဝေဖန်ပြစ်တင်မှုများရှိနေချိန်တွင် အငြင်းပွားဖွယ်ရာဖြစ်နေသည့် တရားစီရင်ရေးပြုပြင်ပြောင်းလဲမည့်အစီအစဉ်ကို အစ္စရေးလွှတ်တော် အတည်ပြု
Pika (NSS) - ဇူလိုင် ၂၅
အစ္စရေးလွှတ်တော်သည် ဝန်ကြီးချုပ်နေတန်ရာဟုအဆိုပြုတင်သွင်းထားသော တရားစီရင်ရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုအစီအစဉ်၏ ပထမအပိုင်းကို ဇူလိုင်လ(၂၄)ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု အစီအစဉ်ကြောင့်နိုင်ငံတွင်းတွင် ဆန္ဒပြမှုများနှင့် မိတ်ဖက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုများရှိနေချိန်တွင် အဆိုပါအတည်ပြုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးသမိုင်းတွင် တာဝန် ထမ်းဆောင်မှုအချိန်အကြာဆုံး ဝန်ကြီးချုပ်ဖြစ်သော နေတန်ရာဟုသည် ဒီဇင်ဘာလတွင် အာဏာပြန်ရလာပြီး နောက် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အဆိုပြုခဲ့ပြီး အချေအတင်ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုသည် အစ္စရေးအစိုးရ၏ ဌာနခွဲများကို ပြန်လည်ချိန်ညှိရာတွင် လိုအပ်ကြောင်း ဝန်ကြီးချုပ် နေတန်ရာဟုက အခိုင်အမာပြောခဲ့သည်။ သို့သော်လည်း ဝေဖန်သူများက အဆိုပါလှုပ်ရှားမှုသည် နိုင်ငံတော် တရားရုံးချုပ်၏ အာဏာကို ချိုးဖျက်ခြင်းဖြစ်ပြီး အစ္စရေး၏ ဒီမိုကရေစီကို ထိခိုက်လာနိုင်ချေရှိကြောင်း ပြစ်တင် ပြောခဲ့သည်။
အစ္စရေးအတိုက်အခံပါတီခေါင်းဆောင် ယဲလာပစ် က "လက်ရှိအစိုးရအနေနဲ့ အစ္စရေးဒီမိုကရေစီကို ထိန်းသိမ်းမယ် ဆိုတာမျိုးဟာ ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး။ သူတို့က အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်ချင်နေကြတာပါ" ဟု ပြောခဲ့သည်။ အစ္စရေးပြည်သူများသည် လွှတ်တော်အဆောက်အဦးရှေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အဆိုပြုထား သော တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လွှတ်တော်အမတ်များ မဲပေးခွင့်မရအောင် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြနေသောလူအုပ်ကြီးကို ဖြိုခွင်းရန်အတွက် ရဲတပ်ဖွဲ့သည် မီးသတ်ပိုက်များကို အသုံးပြုခဲ့ကြောင်း သိရသည်။ အစ္စရေး၏ အဓိကအလုပ်သမားသမဂ္ဂဖြစ်သည့် Histadrut သည် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး အစီအစဉ် ပထမပိုင်းကို အတည်ပြုလိုက်ခြင်းနှင့်ပတ်သက်ပြီး သပိတ်မှောက်ရန် စဉ်းစားနေကြောင်း ပြောခဲ့သည်။
ထို့အပြင် အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတွင်းဖြစ်ပွားနေသော တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလျင်စလို မလုပ်ဆောင်ရန် အစ္စရေးအစိုးရကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဇူလိုင်လ(၂၃)ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရသည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အလျင်စလို မလုပ်ဆောင်ဘဲ ပြည်သူများ၏ သဘောထားဆန္ဒများအတိုင်းသာလုပ်ဆောင်သင့်ကြောင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။ဝန်ကြီးချုပ်နေတန်ရာဟု သည် ဇူလိုင်လ(၁၅)ရက်တွင် မူးလဲခဲ့ခြင်းကြောင့် ဆေးရုံတင်လိုက်ရသော်လည်း ဇူလိုင်လ(၂၄)ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲနှင့်တွေ့ဆုံရန် မျှော်လင့်နေကြောင်း သိရသည်။
ဆရာဝန်များသည် နေတန်ရာဟု၏ နှလုံးခုန်နှုန်းကို စောင့်ကြည့်ရန်အတွက် နှလုံးခွဲစိတ်မှုများ လုပ်ဆောင်ကာ နှလုံးစက်ကို တပ်ဆင်ပေးခဲ့ပြီးနောက် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟန်ဂေရီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့မှ နှုတ်ထွက်သွားဖွယ်ရှိနေဟု ဟန်ဂေရီဗဟိုဘဏ် အကြီးအကဲဟောင်း ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ