တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်းခဲ့ဟု ထိုင်ဝမ်စစ်ဘက်ပြော
Pika (NSS) - ဇူလိုင် ၂၅
ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း အကြီးမားဆုံးပျက်စီးမှုများ ဖြစ်လာစေနိုင်သည့် တိုင်ဖွန်းမုန်တိုင်း Doksuri ဝင်ရောက်တိုက်ခတ်နိုင်ချေရှိသောရှိသောကြောင့် အာဏာပိုင်များသည် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ချေကြောင့် ထိုင်ဝမ်သည် ဇူလိုင်လ(၂၅)ရက်တွင် ပြုလုပ်ရန် စီစဉ် ထားသော ၎င်း၏နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ တိုင်ဖွန်း မုန်တိုင်းများသည် ထိုင်ဝမ်ကျွန်းအနီးတွင် မကြာခဏဖြစ်ပေါ်လာလေ့ရှိသော်လည်း (၂ဝ၁၉) ခုနှစ်ကတည်းက ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းတိုက်ရိုက် တိုက်ခတ်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း Doksuri သည် တရုတ်နိုင်ငံတောင်ပိုင်းသို့ မဝင်ရောက်မီ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ကို ပိုင်းခြား သော Bashi Channel ရေလမ်းကြောင်းကို ဝင်ရောက်ကာ ထိုင်ဝမ်တောင်ဖက်ကမ်းရိုးတန်းသို့ ဝင်ရောက် တိုက်ခတ်နိုင်ချေရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် Han Kuang အမည်ရှိ နှစ်စဉ်စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းလိုက်ပြီး လာမည့် မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်မိုးလေဝသဗျူရိုသည် ပင်လယ်ရေမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး သတိပေးချက် များထုတ်ပြန်ထားပြီး ထိုင်ဝမ်ကျွန်းတောင်ပိုင်းရှိ ဒေသများတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း သိရသည်။
ထိုင်ဝမ်ဝန်ကြီးချုပ် Chen Chien-jen က "(၂ဝ၁၉) ခုနှစ်တည်းက ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်း တိုက်ရိုက် တိုက်ခတ်တာမျိုး မရှိခဲ့ပါဘူး။ ဒီတိုင်ဖွန်းမုန်တိုင်းက လေးနှစ်အတွင်း ပထမဆုံး တိုက်ရိုက်ဝင်ရောက်တိုက်ခတ်မယ့် မုန်တိုင်းတစ်ခုဖြစ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအားလုံးကို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်ကို လျှော့မတွက်ဖို့ ပြည်သူတွေကို သတိပေးချင်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် တိုင်ဖွန်းမုန်တိုင်း Doksuri ချဉ်းကပ်လာမှုနှင့်အတူ ဖိလစ်ပိုင်အစိုးရသည်လည်း ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေဖန်ပြစ်တင်မှုများရှိနေချိန်တွင် အငြင်းပွားဖွယ်ရာဖြစ်နေသည့် တရားစီရင်ရေးပြုပြင်ပြောင်းလဲမည့်အစီအစဉ်ကို အစ္စရေးလွှတ်တော် အတည်ပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ