မောင်မင်းလူကလေးဟု လူသိများခဲ့သော သရုပ်ဆောင်ဦးစံမြင့် ကွယ်လွန်
NSS - ဇူလိုင် ၂၄
တော်လှန်ရေးဇာတ်ကားများတွင် အများဆုံးပါဝင်ခဲ့သည့် မောင်မင်းလူကလေး(သို့မဟုတ်) သခင်ကြီးဟု လူသိများကျော်ကြားခဲ့သော သရုပ်ဆောင် ဦးစံမြင့် ကွယ်လွန်ကြောင်း သတင်းရရှိသည်။
ဦးစံမြင့်သည် ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နေ့လည် (၁၂)နာရီ မိနစ်(၂၀)အချိန်ခန့်တွင် ပဲခူးမြို့ရှိ နေအိမ်၌ (၉၆)ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ဦးစံမြင့်သည် မြန်မာ့ရုပ်ရှင်ဇာတ်ကားအများအပြားတွင် ဗြိတိသျှသခင်ကြီး၊ မျက်နှာဖြူအရာရှိကြီးများအဖြစ် ပင်တိုင်သရုပ်ဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၄)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်ကလည်း ရုပ်ရှင်လောကသားများကိုယ်စား သရုပ်ဆောင်ထူးခန့်ကျော်မှ လှူဒါန်းသည့် Wheel Chair နှင့် ငွေကျပ်(၁)သိန်းတို့ကို လက်ခံရယူခဲ့ကြောင်း သိရသည်။
ဦးစံမြင့်သည် မြန်မာဇာတ်ကားများတွင် ဗြိတိသျှအရာရှိ စစ်ဗိုလ်အိုက်တင်များနှင့် သရုပ်ဆောင်သူတစ်ဦးဖြစ်ပြီး ဗြိတိသျှ-ဗမာ ကပြား လူမျိုးတစ်ယောက်ဖြစ်သည်။
“အဖေကျန်းမာရေး အခြေအနေအရအချိန် အကြာကြီးနေလို့မရတော့ဘူးဆိုတာကို သိနေတာကြာပါပြီ”ဟု ဦးစံမြင့်၏သမီးဖြစ်သူ မချိုထွေးက ပြောကြားဖူးသည်။
ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၌ ပြည်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူသည် ပထမကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူသည် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။
အသက်(၁၈)နှစ်အရွယ်တွင် ဦးစံမြင့်သည် ဗမာ့တပ်မတော်၊ အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တပ်မှထွက်ပြီးနောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ တိရစ္ဆာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများ နှင့် ချိတ်ဆက်မိကာ ၎င်းအား ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့ကြရာ ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိဇတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်များအကြားထင်ရှားခဲ့သည်။ ဦးစံမြင့်သည် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘ၀ နှင့် သရုပ်ဆောင်ဘဝတွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအစိုးရအဖွဲ့အသစ်ထံ ငြိမ်းချမ်းစွာအာဏာ လွှဲပြောင်းပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ