နှစ်သောင်းကျပ်တန် ငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်သည့်အတွက် တစ်ဦးလျှင် အများဆုံး (၃) ရွက်သာထုတ်ပေးမည်
NSS - ဇူလိုင် ၂၄
ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေခြင်းဖြစ်သည့်အတွက် ဟောင်းနွမ်းငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် အမှတ်တရအဖြစ် သိမ်းဆည်း ထားနိုင်ရန် အများဆုံး (၃) ရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်တွင် အသိပေးကြေညာခဲ့သည်။
အဆိုပါ ငွေစက္ကူကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်သည့် ငွေစက္ကူဟောင်းနှင့် လဲလှယ်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ ထည့်သွင်းလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ်နှစ်သောင်းတန်သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် နှင့် ဆင်ဖြူတော် ရတနာ ရဋ္ဌနန္ဒက ၏တစ်နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ထုတ်ခြင်းဖြစ်၍ အရေအတွက် အကန့်အသတ်ဖြင့် သာ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ဇူလိုင်လကုန်တွင် ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသည် နိုင်ငံစီးပွားရေးစနစ်အတွင်းလှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) အတွင်းသို့ ထည့်သွင်းခြင်းမဟုတ်ဘဲ လဲလှယ်ထားသည့် ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည်ဖြစ်သဖြင့် နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက် ရန် လုံးဝအခြေအနေမရှိကြောင်းလည်း ဗဟိုဘဏ်က အသိပေးထားသည်။
အဆိုပါ နှစ်သောင်းကျပ်တန် ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာနိုင်ပြီး ကုန်ဈေးနှုန်းကြီး မြင့်မှုများရှိလာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိလာသည်။
“ဒီအခြေအနေမှာ အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းတွေ ဆွဲတင်ဖို့လှုံ့ဆော်နေသူတွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက်လာစေဖို့ ကြိုးစားနေသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။
ငွေစက္ကူအဟောင်း သိန်း (၁ဝဝ) လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း (၁ဝဝ) ပြန်ပေးသည့်အခါတွင် လည်း အမှတ်တရအဖြစ် ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူ (၃)ရွက်သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် ဟောင်းနွမ်းငွေစက္ကူရွက်ရေ (၅ဝဝ)အထိ လက်ခံလဲလှယ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပမာဏထက် ကျော်လွန်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနသို့ လျှောက်လွှာဖြင့် တင်ပြ၍ ချိတ်ဆက်လဲလှယ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနည်းတူ အထိမ်းအမှတ် ငွေစက္ကူနှင့် ဒင်္ဂါးများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်ပွဲများ၊ အမှတ်တရဖြစ်မည့်အရာများအတွက် အရေအတွက်အကန့်အသတ်နှင့် ထုတ်ဝေလေ့ရှိကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး၌ အမျိုးသား(၂)ဦးကို PDF အဖွဲ့ကသေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ