မြန်မာ့လက်ရွေးစင် ယူ- ၁၂ အတွက် ကစားသမား(၄၀)ဦးကို ပဏာမရွေးချယ်ပြီးဖြစ်ကြောင်း MFF ဆို
သန့်ဇင် (NSS) - ဇူလိုင် ၂၁
ဂျပန်နိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အတွက် လာရောက်ရွေးချယ်ခံသည့် ကစားသမားများအနက်မှ ကစားသမား(၄၀)ဦးအား ပဏာမရွေးချယ်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ- ၁၂ ကစားသမားများသည် လာမည့် ဩဂုတ်လ ၂၄ရက်မှ ၂၇ရက်အထိ ကျင်းပ ပြုလုပ်မည့် (၁၁)ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို ဂျပန်နိုင်ငံ ချီဘားမြို့တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ပွဲများကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဇူလိုင်လ ၁၄ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်၊ ၁၇ရက်များတွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။
ယခုအခါ ပဏာမကစားသမား (၄၀)ဦးအား ရွေးချယ်ထားပြီးဖြစ်ကာ ပြင်ပမှ လူငယ်(၂၃)ဦး၊ ဘောလုံးအကယ်ဒမီများမှ (၁၇)ဦး ပါဝင်လာခဲ့ကြောင်း MFF မှ ထုတ်ပြန်ထားသည်။
အဆိုပါကစားသမားများကို မြန်မာလက်ရွေးစင်အသင်းများအဆောင်တွင် စခန်းဝင်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး ကစားသမား(၂၅)ဦးအား ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ဒုတိယပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦး ရွေးချယ်ပြီးပါက ဂျပန်နိုင်သို့သွားရောက်ကာ ဘာစီလိုနာလူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဂျေလိဂ်လူငယ် ကလပ်များဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၂ အသင်း၏ ဂျပန်ခရီးစဉ်ကို AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Playboy မင်းသမီးလို့ နောက်ပြောင်ခံရတဲ့ ပြင်သစ်ဝန်ကြီး ရာထူးက ထုတ်ပယ်ခံရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း