ယူကရိန်းဆိပ်ကမ်းမြို့များကို ရုရှားက တိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးပြီး တရုတ်ကောင် စစ်ဝန်ရုံး ပျက်စီးဟုဆို
Htay Oung (NSS) - ဇူလိုင် ၂၁
ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့များကို သုံးရက်ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရကြောင်း၊ ကြာသပတေးနေ့ (ဇူလိုင်လ ၂ဝ ရက်)မှာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး တရုတ်ကောင် စစ်ဝန်ရုံး အဆောက်အအုံ ပျက်စီးသွားတယ်လို့ ကိယက်ဗ်တာဝန်ရှိသူများက ပြောပြကြောင်း Reuters က ဇူလိုင်လ ၂ဝ ရက်မှာ ရေးသားပါတယ်။
အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းမြိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ပျက်စီးနေတဲ့ ပြတင်းပေါက်တစ်ခုထက်မနည်းပါ၀င်တဲ့ ဓာတ်ပုံကို ယူကရိန်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက အွန်လိုင်းလွှင့်တင်ထားပေမယ့် အခြားပျက်စီးမှု အရိပ်အယောင်များကို မတွေ့ရပါဘူး။
တရုတ်နိုင်ငံကို တင်ပို့မယ့် လယ်ယာထွက်ကုန် တန်ချိန် ၆၀,၀၀၀ က အခြား ယူကရိန်း ဆိပ်ကမ်းမြို့ကို တိုက်ခိုက်ခံရစဉ် ပျက်စီးသွားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာ_ဇီလန်စကီးက ပြောဆိုပြီး နောက်တစ်ရက်အကြာမှာ ယခုဖြစ်စဉ်ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ပေကျင်းက လောလောဆယ် မှတ်ချက်ပေးခြင်း မရှိပါဘူး။
လက်တုံ့ပြန် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်း ပင်လယ်နက် သီးနှံတင်ပို့မှုကို ခွင့်ပြုတဲ့ သဘောတူညီချက်မှ မော်စကို နုတ်ထွက်ပြီး ရက်ပိုင်းအကြာမှာ ရုရှားက ပြောပါတယ်။
ရုရှားတို့က တစ်ညတည်း ဒုံးကျည် ၁၉ စင်း၊ ဒရုန်း ၁၉ စင်းတို့ကို ပစ်လွှတ်ခဲ့ပြီး ဒုံးကျည် ၅-စင်းနဲ့ ဒရုန်း ၁၃ စင်းတို့ကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားအကြမ်းဖက်သမားတွေဟာ ယူကရိန်းနိုင်ငံရဲ့ ရှင်သန်မှုကို ဖျက်ဆီးဖို့ ဆက်လက်လုပ်ဆောင်နေကြကြောင်း၊ ဒီကြောက်စရာကောင်းတဲ့ အချိန်ကာလကို အတူတကွ ဖြတ်ကျော်ပြီး မကောင်းဆိုးဝါး ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြံကြံခံ ရင်ဆိုင်သွားမှာဖြစ်ကြောင်း သမ္မတ ဇီလန်စကီးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ရေးသားပါတယ်။
အိုဒက်ဆာဆိပ်ကမ်းမြို့မှာ လုံခြုံရေးအစောင့် တစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အခြားလူရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အိုဒက်ဆာ အရှေ့မြောက်ဖက် ဘတ်မြစ်ကမ်းမှာရှိတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးအချက်အချာ မီကိုလီယက်ဗ်မြို့မှာလည်း တိုက်ခိုက်ခံရပြီး လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲ သေဆုံးသွားတယ်လို့ မြို့တော်ဝန်ထံမှ သိရှိရပါတယ်။ ကြာသပတေးနေ့ စောစောပိုင်း တိုက်ခိုက်ခံရမှုမှာ ၁၉ ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ် အဆောက် အအုံအတော်များများ ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။ သုံးထပ်တိုက် အဆောက်အအုံတစ်လုံးနဲ့ အနီးရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခဲ့ပေမယ့် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အိုဒက်ဆာနဲ့ မနီးမဝေးမှာရှိတဲ့ ခိုနိုမော့ခ်မြို့ကိုလည်း ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခံရကြောင်း၊ သီးနှံတင်ပို့မှု အဆောက်အအုံများ ပျက်စီးခဲ့ရပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တယ်လို့ သမ္မတဇီလန်စကီးက ပြောပါတယ်။
ကြာသပတေးနေ့ ရုရှားရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ခါကိဗ်အရှေ့မြောက်ပိုင်းရ ယူကရိန်းအာဏာပိုင်များက သီးခြားသတင်းထုတ်ပြန်ပါတယ်။
ကိယက်ဗ်ဟာ ဆန်စပါး အဓိကတင်ပို့သူဖြစ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို ဖျက်ဆီးတဲ့ လေကြောင်းတိုက်ခိုက်မှုအဖြစ် ယူကရိန်းအရာရှိများက ရည်ညွှန်းကြပါတယ်။ နိုင်ငံတကာအသိုက်အဝန်းတို့ အနေနဲ့ ပိုမိုတိုးမြှင့် တုံ့ပြန်ကြဖို့ ယူကရိန်းသမ္မတရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။
(Reuters., 19 July 2023,” Three killed, Chinese consulate damaged in Russian attack on Ukraine's port cities” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပီတအား ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းခွင့်နှင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရပြီးနောက် MFP ပါတီအား ကာကွယ်သည့် စုရုံးမှုများ ဘန်ကောက်မြို့ နေရာအနှံ့၌ဖြစ်ပေါ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ