ထိုင်းပြည်သူများကို အေးဆေးတည်ငြိမ်စွာနေထိုင်ဖို့ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ
ထိုင်းပြည်သူများအနေနဲ့ အေးဆေးတည်ငြိမ်စွာနေထိုင်ကြစေလိုကြောင်း ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၁၉ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရို အမ်ရက်ရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာရေးမျှော်လင့်ချက်အဆုံးသတ်ခဲ့ပြီးနောက် ရှေ့သို့ချီပါတီကို အားပေး ထောက်ခံတဲ့ ထိုင်းပြည်သူတွေဟာ ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲများဦးဆောင်လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ထိုင်းပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများနဲ့ ပတ်သက်ပြီး အေးဆေးတည်ငြိမ်ဖို့ တိုက်တွန်းတောင်းဆိုထားကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အိမ်စောင့်အစိုးရဖြစ်နေတဲ့အတွက် နိုင်ငံအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ရမယ့်တာဝန်ရှိနေပါတယ်။ ထိုင်းပြည်သူများအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး တရားဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကျူးလွန်တာမျိုးတော့ လုပ်လို့မရဘူး။ နိုင်ငံ့စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေကို ထိခိုက်ဖျက်ဆီးတာ မျိုးလုပ်လို့မရဘူး၊ ထိုင်းနိုင်ငံကို ပြည်ပခရီးသွားတွေလာရောက်မှုမြင့်တက်နေတယ်။ ဒီနှစ်အကုန်မှာဆိုရင် ထိုင်းနိုင်ငံကိုလာရောက်တဲ့ပြည်ပခရီးသွားအရေအတွက် လူဦးရေ ၃၅ သန်းအထိ ရှိလာမှာဖြစ်တယ်" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအနေနဲ့ ဝန်ကြီးချုပ်လောင်းပီတကို အားပေး ထောက်ခံသူများရဲ့ စိတ်ဆိုးဒေါသဖြစ်နေခြင်းအပေါ် နားလည်ကြောင်း၊ ဒါပေမယ့် စည်းမျဉ်းခံဘုရင်စနစ်နဲ့အတူ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ တိုက်တွန်းထားကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် လွှတ်တော်နှစ်ရပ်ရဲ့ထောက်ခံမဲ အပြည့်အဝ မရတဲ့အတွက် မျှော်လင့်ချက်များအဆုံးသတ်ခဲ့ရသလို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ပီတလင်ဂျာရို အမ်ရက်ကို ရွေးကောက်ပွဲစည်းကမ်းများ ချိုးဖောက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဆိုင်းငံ့ခဲ့ပါတယ်။
ပီတကို အားပေးထောက်ခံသူတွေဟာ ဇူလိုင် ၁၈ ရက်၊ ဇူလိုင် ၁၉ ရက်ကတည်းက လွှတ်တော်အဆောက် အဦးအပြင်ဘက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပြင်ဘက်မှာ စုရုံးဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် ၁၉ ရက် ညပိုင်း မှာတော့ ပီတကို အားပေးထောက်ခံသူတွေဟာ Democracy အရေးလှုပ်ရှားမှုတစ်ရပ် ထပ်မံကျင်းပခဲ့ပြီး ဖယောင်းတိုင်တွေ ကိုင်ဆောင်ကာဆန္ဒပြခဲ့သလို လက်သုံးချောင်ထောင် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်၌ ဈေးရောင်းရန်ပြင်နေသည့်အမျိုးသားကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ