ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအလုံး(၂၀)ခန့် ပျက်စီးခဲ့ပြီး (၄)တန်းကျောင်းသူတစ်ဦး သေဆုံး
NSS - ဇူလိုင် ၂၀
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအလုံး (၂၀)ခန့် ပျက်စီးခဲ့ကြောင်း ဗြဟ္မစိုရ် နှလုံးသားလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ယမန်နေ့(ဇူလိုင်လ ၁၉ ရက်)တွင် ညနေပိုင်းတွင် မန်နောင်ကျေးရွာအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မန်နောင်ကျေးရွာ၊ ချမ်းမြေ့သာစည်သီလရှင်စာသင်တိုက်ရှိ ယာယီဆွမ်းစားကျောင်းဆောင် နှင့် အိပ်ဆောင်များ အမိုးလန်ပြီး ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်ခြေအလုံး(၂၀)ခန့်သည်လည်း အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မန်နောင်ကျေးရွာရှိ အသက်(၁၂)နှစ် အရွယ် လေးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း ဗြဟ္မစိုရ် နှလုံးသားလူမှုကူညီရေးအသင်းထံမှ သိရသည်။
“အရင်ရက်တွေကနေပူတယ်ဗျ။ မနေ့ကညနေကမှ လေရော၊ မိုးရော၊ မိုးသီးတွေပါကြွေတယ်။ ကလေးတစ်ယောက်တော့ဆုံးသွားတယ်။ လေနောက်ကိုလွင့်ပြီးပါသွားတာ လွင့်ပြီးပြန်ပြုတ်ကျလာတော့ ဆုံးသွားတယ်။ လေကမနေ့က စုန်ပြီးတော့ တိုက်သွားတာ အဲဒီလိုမျိုးက ကျွန်တော်တို့ဆီမှာ ဖြစ်တောင့်ဖြစ်ခဲတယ်။ အိမ်အလုံး(၂၀)လောက် အမိုးတွေအကုန်ပြုတ်ပြီး လန်သွားတယ်”ဟု အထက်ပါလူမှု ကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် လေပြင်းတိုက်ခတ်မှုကြောင့် အပင်များပြိုလဲကာ လမ်းပိတ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူမှုကူညီရေးအသင်းများနှင့် ကွတ်ခိုင်မြို့နယ် မီးသတ်စခန်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် လူကိုယ်တိုင်ရောက်မှာမဟုတ်ဘဲ အွန်လိုင်းကသာ အစည်းအဝေးတက်ရောက်မယ်လို့ ရုရှားအစိုးရ သတင်းထုတ်ပြန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း