မော်လမြိုင်မြို့၌ နှစ်ပေါင်း(၇၁)နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ဖြင့် ရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ
ယွန်း (NSS) - ဇူလိုင် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်ပေါင်း(၇၁)နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ရွာသွန်းခဲ့ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မော်လမြိုင်မြို့တွင် နှစ်ပေါင်း(၇၁)နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ရွာသွန်းခဲ့ပြီး မုဒုံမြို့တွင်လည်း နှစ်ပေါင်း(၄၂)နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ရွာသွန်းခဲ့ကြောင်း မိုးဇလမှသိရသည်။
အဆိုပါ စံချိန်သစ်တင်မိုးရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရှိ သီရိမင်္ဂလာရပ်ကွက် အပါအဝင် သီရိမြိုင်၊ တောင်ဝိုင်ဥယျာဥ်လမ်း၊ ဇေယျာမြိုင်၊ သာယာအေး၊ ရွှေပြည်စိုး၊ ဇေယျာ(၁)နှင့် လှိုင် စသည့်ရပ် ကွက်ကြီး(၈)ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ပြောင်းရွှေ့နေရသည့် အိမ်ထောင်စုများလည်း ရှိနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ရေက နည်းနည်းတော့ပြန်ကျသွားပြီ အကုန်တော့မကျသေးဘူး။ ကျွန်တော်တို့မြို့က ရေတက်တာတော့ ပုံမှန်လိုဖြစ်နေပါပြီ။ မော်လမြိုင်မြို့က လက်ရှိရေကြီးနေတာ ရပ်ကွက်ကြီး(၈)ခုတော့ရှိတယ်။ မနေ့ကတစ်နေ့လုံးမိုးကရွာနေတော့ တောင်ကျရေကကျလာတာပေါ့။ ရေတွေကတော့ ကျန်နေသေးတယ်။ ရွှေ့ပြောင်းပေးနေရတဲ့ အိမ်ထောင်စုတွေရှိတယ်။ များတော့များတယ် (၄၀၀)၊(၅၀၀) လောက်တော့ ရှိမယ်”ဟု မော်လမြိုင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါ အိမ်ထောင်စုများကို ရပ်ကွက်များနှင့်နီးစပ်သည့် ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ရွှေ့ပြောင်းပေးထားကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့(ဇူလိုင်လ ၁၉ ရက်)၊ နံနက်(၇)နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မော်လမြိုင်-ဘားအံကားလမ်းဘေးရှိ၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္တရံတံတားထိပ်တွင် အဆောက်အဦးအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် လူ(၂)ဦးအုတ်တံတိုင်းပိမိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာတွင်လည်း လက်ရှိအချိန်ထိ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး မြေနိမ့်ပိုင်းဒေသများတွင် အိမ်ခြေစုစုပေါင်း (၂၀၀)နီးပါး ရေနစ်မြှပ်လျက်ရှိကြောင်း ပင ပရဟိလူငယ်အသင်းထံမှ သိရသည်။
“ရေပြန်မကျသေးဘူး ရွှေ့ပြောင်းပေးနေရတာတော့ အိမ်ထောင်စု(၂၇)စုလောက်တော့ရှိတယ်။ တချို့ကလည်း ဆွေမျိုးတွေအိမ်မှာသွားနေကြတယ်။ အိမ်ခြေ (၁၅၀)နဲ့ (၂၀၀)ကြား ရေမြုပ်နေပါတယ်။ ရေကမနေ့ကထက်တော့နည်းတယ်။ နည်းနည်းပဲပြန်ကျသေးတယ်”ဟု ပင ပရဟိလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဇာနည်နေ့မှာ အထိမ်းအမှတ်နေရာများသို့ မိမိအစီအစဉ်ဖြင့်လာရောက်သောပြည်သူနည်းပါး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း