(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး လုံခြုံရေးတင်းကြပ်မှုများရှိခဲ့
NSS - ဇူလိုင် ၁၉
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ယနေ့(ဇူလိုင်လ ၁၉ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ အတွင်းဝန်းရုံးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့သော အခမ်းအနားသို့ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်ပြီး တက်ရောက်ဂါရဝပြုကာ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့သော အခမ်းအနားသို့ နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် အာဇာနည်ဗိမာန်၌ ကျင်းပခဲ့သော ယနေ့အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက တက်ရောက်ဂါရဝပြုကာ လွမ်းသူ့ပန်းခွေများ ချခဲ့သည့်အပြင် နိုင်ငံတကာသံရုံးများမှ သံအရာရှိများကလည်း တက်ရောက်ဂါရ ပြုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ၊ အတွင်းဝန်ရုံး၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ပြီး ၎င်းအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ကျရောက်သည့် အာဇာနည်နေ့၌ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အနီးတစ်ဝိုက်တွင် လုံခြုံရေးအဖွဲ့ဝင်အများအပြားကို အသုံးပြုကာ လုံခြုံရေးတင်းကြပ်မှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။
အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ လာရောက်လည်ပတ်ဂါရဝပြုခဲ့သည်ကို တွေ့ရှိရသည်။
သို့သော် လုံခြုံရေးတင်ကြပ်မှုများနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်နေများသို့ လာရောက်လည်ပတ်ဂါရဝပြုသူများသည် ယခင်အစိုးရလက်ထက်နှင့်နှိုင်းယှဉ်ကြည့်ပါက နည်းပါးခဲ့သည်ကို တွေ့ရှိရသည်။
"ကျွန်တော်က ကလေးငယ်မျိုးဆက်တွေကို အာဇာနည်နေ့မှာ လိုက်ပို့တာပါ။ မြန်မာပြည်အတွက် လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တာတွေကို တန်ဖိုးထားဖို့အတွက် လိုက်ပို့ပေးခြင်းဖြစ်ပါတယ်။ အခုမနက်ပိုင်းအချိန်ကတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရော၊ ပြင်ပက လာရောက်လေ့လာတဲ့ မိဘတွေနဲ့ ကလေးတွေကိုလည်း တွေ့ပါတယ်။ ကျောင်းတွေက ကျောင်းသားတွေလည်း လာကြတာတွေ့ပါတယ်" ဟု မြောက်ဥက္ကလာပမြို့နယ်မှ အတွင်းဝန်ရုံးသို့ လာရောက်လေ့လာသည့် ဦးအောင်ကိုလတ်က NP News ကို ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော် အလံများကို တိုင်ဝက်လွှင့်ထူခဲ့ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်လည်း ရန်ကုန်မြို့၌ သွားလာနေသည့်ကားများက ဟွန်းတီကာ ဝမ်းနည်းကြောင်း ပြသခဲ့သည်ကို တွေ့ရှိရသည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ တပည့်များက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုပ်ကြံခဲ့သည့်အတွက် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ (၉)ဦးမှာ ကျဆုံးခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တယ်လီဂရမ်အပ်ပ်ကို အသုံးပြုသူ တစ်ရက်လျှင်(၂ ဒသမ ၅) သန်း တိုးလာနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ