မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်များကျော်လွန်လုပ်ဆောင်နေကြောင်း တရုတ်အစိုးရ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အစီရင်ခံစာဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်လို့ တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Mao Ning ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလိုမျိုးပြောဆိုခဲတာဖြစ်ကြောင်း သိရပါတယ်။
၎င်းက "မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာတစ်ခုကို ရည်ညွှန်း ပြောဆိုရမယ်ဆိုရင် အဲဒီလူအခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်း ပုံမှန်အရောင်း အဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ အဲဒီအစီရင်ခံစာကို တရုတ်အစိုးရက ကန့်ကွက်ဆန့်ကျင်ပါတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူအခွင့်အရေး အထူး ကိုယ်စားလှယ်အနေနဲ့ ရည်မှန်းချက်များအတိုင်းလုပ်ဆောင်ပြီး လုပ်ပိုင်ခွင့်အာဏာကို လိုက်နာကာ မျှတစွာ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူအခွင့်ရေးအထူးကိုယ်စားလှယ်အနေနဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ဂုဏ်သိက္ခာကို ထိခိုက် နစ်နာမှုမရှိရအောင် နိုင်ငံရေးအစီအစဉ်တွေဆောင်ရွက်တာမျိုးတွေကို ရပ်တန့်ဖို့အတွက်လည်း တိုက်တွန်း တောင်းဆိုလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး အမည်တပ်ပြီး ပြောဆိုခြင်းမျိုး မရှိပေမယ့် လူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ဖြစ်တဲ့ တွန်အန်ဒရူးကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား နိုင်ငံတို့ထံကနေ စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိနေကြောင်း ပြီးခဲ့တဲ့မေလက တင်သွင်းခဲ့တဲ့ တွန်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းမေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခုလိုမျိုးထည့်သွင်းပြောဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုပ္ပါးတောင်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ရေးအတွက် သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေအသစ်များ ထပ်မံဖော်ထုတ်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ