ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတလင်ဂျာရိုအမ်ရက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်
ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတလင်ဂျာရိုအမ်ရက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ဖြစ်သလို ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတလင်ဂျာရိုအမ်ရက်ကို အောက်လွှတ်တော်ရဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဇူလိုင် ၁၉ ရက်နေ့မှာ ပီတလင်ဂျာရိုအမ်ရက်ရဲ့အမှုကို စစ်ဆေးခဲ့ပြီးနောက် အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ တားမြစ်ထားတဲ့ရွေးကောက်ပွဲစည်းကမ်းတွေကိုချိုးဖောက်ပြီး မီဒီယာလုပ်ငန်းမှာ ရှယ်ယာများပိုင်ဆိုင်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ဆေး ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ပီတလင်ဂျာရိုအမ်ရက်ဟာ iTV Plc. မီဒိယာလုပ်ငန်းမှာ ရှယ်ယာ ပေါင်း ၄၂ဝဝဝ ကျော် ပိုင်ဆိုင်ခဲ့တယ်ဆိုတာကိုစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကိုယ်စားလှယ်အဖြစ် အရည်အချင်း ပျက်ယွင်းကြောင်း ကနဦးဆုံးဖြတ်ခဲ့ပြီး အဲဒီအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ထပ်မံစစ်ဆေးဖို့ လွှဲပြောင်းပေး ခဲ့ရာ ခုံရုံးက ဇူလိုင် ၁၉ ရက်မှာ ထပ်မံဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့အမှုကြားနားပွဲကို ကိုယ်တိုင်တက်ရောက်နိုင်ခြင်း မရှိခဲ့ ကြောင်း၊ ၎င်းဟာ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ထိုင်းလွှတ်တော် နှစ်ရပ်ပူးပေါင်းကျင်းပနေတဲ့အစည်းအဝေးကို တက်ရောက်နေတဲ့အတွက် တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပီတ အနေနဲ့ ကိုယ်စားလှယ်အဖြစ် ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း တုံ့ပြန်ဖြေရှင်းနိုင်ကြောင်း ဆိုပါတယ်။
ပီတကတော့ မီဒီယာလုပ်ငန်းမှာ ရှယ်ယာပိုင်ဆိုခြင်းဟာ ရွေးကောက်ပွဲစည်းကမ်းတွေကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း ယခင်တုန်းက ပြောခဲ့ဖူးပါတယ်။ ထိုင်းရွေးကောက်ပွဲစည်းကမ်းတွေထဲမှာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့်သူဟာ မီဒီယာလုပ်ငန်းမှာ ရှယ်ယာပိုင်ဆိုင်ခြင်း ဒါမှမဟုတ် ကုမ္ပဏီပိုင်ဆိုင်ခြင်းမရှိရဘူးလို့ သတ်မှတ်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်များကျော်လွန်လုပ်ဆောင်နေကြောင်း တရုတ်အစိုးရ ဝေဖန်ပြစ်တင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ