နေတိုးအဖွဲ့သည် ပြဿနာများကို ဖန်တီးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ဝေဖန်
Pika (NSS) - ဇူလိုင် ၁၅
နေတိုးအဖွဲ့သည် စစ်အေးခေတ်တိုက်ပွဲ အတွေးအခေါ်များနှင့် အယူဝါဒဆိုင်ရာ မလိုမုန်းထားမှုများကို အပြည့်အဝ လက်ခံထားကာ ပြဿနာများကို ဖန်တီးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင် ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Jun က ဝေဖန်ပြောဆိုခဲ့သည်။
လစ်သူယေးနီးယားနိုင်ငံတွင် ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက တရုတ်နိုင်ငံသည် နေတိုးအဖွဲ့၏ အကျိုးစီးပွားများကို စိန်ခေါ်နေသော မူဝါဒများကို ကိုင်စွဲနေသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်သည် ကမ္ဘာတစ်ဝှမ်းတွင် အင်အားကြီးမားလာစေရန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်စေမည့် လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံများက ထပ်မံစွပ်စွဲပြောဆိုခဲ့သည်။
Zhang Jun က အဆိုပါပြောဆိုချက်များသည် တရုတ်ကို အပုပ်ချနေသည့် စွပ်စွဲပြောဆိုချက်များသာဖြစ်ပြီး အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် စစ်အေးခေတ် အတွေးအခေါ်များတွင် ပိတ်မိနေဆဲဖြစ် ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ အာရှ-ပစိဖိတ်ဒေသသို့ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေသော နေတိုးအဖွဲ့၏ လုပ်ရပ်များသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အပျက်သဘောဆောင်သော သက်ရောက်မှုများရှိစေကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့ပြင် နေတိုးအဖွဲ့က ၎င်းတို့သည် ကာကွယ်ရေးမဟာမိတ်အဖွဲ့ဟု အခိုင်အမာပြောဆိုထားသော်လည်း အဖွဲ့ဝင်နိုင်ငံများကို စစ်ရေးအသုံးစရိတ်တိုးမြှင့်ရန်၊ နယ်စပ်ဖြတ်ကျော်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်အောင် လှုံ့ဆော်မှုများလုပ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်က ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့သည် စစ်ပွဲများ ဖန်တီးခြင်း၊ သံတမန်ရေးရာ အဆောက်အဦးများကို ဗုံးကြဲခြင်းနှင့် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းများအပါအဝင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများ လုပ်ဆောင်ကာ နိုင်ငံတကာဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း၎င်းကပြောဆိုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်က "တရုတ်က ပြဿနာတွေကို ဖန်တီးနေတာမျိုးမဟုတ်တဲ့အပြင် ဖြစ်လာမယ့် ပြဿနာတွေကိုလည်း ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်ချေရှိတဲ့ အရာအားလုံးကို လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ"ဟု သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် ယခင်ထက် သုံးဆနီးပါးပိုမိုမြင့်တက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ