အမေရိကန်နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် ယခင်ထက် သုံးဆနီးပါးပိုမိုမြင့်တက်လာ
Pika (NSS) - ဇူလိုင် ၁၅
အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုသည် ဘဏ္ဍာရေးနှစ်၏ ပထမကိုးလအတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး ဇွန်လတွင် အမေရိကန်ဒေါ်လာ(၁ ဒသမ ၂၉)ထရီလျံအထိရှိခဲ့ကြောင်း ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။
အဆိုပါဘတ်ဂျက်လိုငွေပြမှုသည် ပြီးခဲ့သည့်နှစ် ဇွန်လနှင့်နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ဒေါ်လာ (၅၁၅ ဒသမ ၁)ဘီလျံ မြင့်တက်လာခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရသည် အောက်တို ဘာလ(၁)ရက်မှစတင်သည့် ဘဏ္ဍာရေးနှစ်ကို စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါအစီရင်ခံစာအရ ဘတ်ဂျက်ကွာဟချက်သည် ဇွန်လတွင် အမေရိကန်ဒေါ်လာ(၂၂၇ ဒသမ ၇၆)ဘီလျံတိုးလာခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇွန်လနှင့်နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ဒေါ်လာ(၈၈ ဒသမ ၈)ဘီလျံ တိုးလာခဲ့ကြောင်းသိရသည်။
အမေရိကန် အစိုးရ၏ အသုံးစရိတ်များ သိသိသာသာ တိုးမြင့်လာခြင်းနှင့် အခွန်ငွေများ ကျဆင်းလာခြင်းတို့သည် ဘတ်ဂျက်လိုငွေပြမှု မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ကြောင်း ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။ စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် အခြားပိုင်ဆိုင်မှုများ ကျဆင်းလာမှုကြောင့် အောက်တိုဘာလမှ ဇွန်လအတွင်း အခွန်ရငွေများသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက်(၁၁)ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်းသိရသည်။
ထို့ပြင် ဇွန်လတွင် အမေရိကန်အစိုးရ၏ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ(၉၆)ဘီလျံမှ (၆၄၆)ဘီလျံအထိ တိုးလာခဲ့ကြောင်းသိရသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုသည်လည်း အမေရိကန်အစိုးရ၏ အသုံးစရိတ်မြင့်တက်လာခြင်းများတွင် ပါဝင်သည့်အချက်တစ်ချက်ဖြစ်ကြောင်းသိရသည်။ အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးသည် ရေရှည်တွင် မတည်တံ့နိုင်သော လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အမေရိကန်ဗဟိုဘဏ်မှတာဝန်ရှိသူများက သတိပေးပြောဆိုထားသည်။ အမေရိကန်နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၂)ထရီလျံခန့်ရှိပြီး ပြည်ပကြွေးမြီးသည် အမေရိကန်ဒေါ်လာ(၃၂ ဒသမ ၅)ထရီလျံထိရှိကြောင်း လွှတ်တော်နှင့်ဆိုင်သော ဘတ်ဂျက်ရုံး၏ဒါရိုက်တာ Phillip Swagel ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ယင်းမာပင်ခရိုင်ပညာရေးမှူး ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း