ပြင်သစ်သို့သွားရောက်မည့်ခရီးစဉ်အတွင်း တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများ ဝယ်ယူရန် မျှော်လင့်နေကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ဆို
Pika (NSS) - ဇူလိုင် ၁၃
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ပြင်သစ်နိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်လည်ပတ်မည့်ခရီးစဉ်အတွင်း ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၁ဝ)ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်(၂၆)စင်း နှင့် ရေငုပ်သင်္ဘော(၃)စီး ဝယ်ယူရန်အတွက် သဘောတူညီမှုများရရှိမည်ဟု မျှော်လင့်နေကြောင်း သိရသည်။
ထို့အပြင် မိုဒီသည် အိန္ဒိယကြည်းတပ်၊ ရေတပ် နှင့် လေတပ်များ ပါဝင်မည့် Bastille Day စစ်ရေးပြအခမ်းအနားကို ဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးပြအခမ်းအနားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဇူလိုင်လ(၁၄)ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြင်သစ် နှင့် အိန္ဒိယနိုင်ငံကြား မိတ်ဖက် ဆက်ဆံမှု(၂၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ်မိုဒီသည် ပြင်သစ်သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။
မိုဒီသည် ပြင်သစ်နိုင်ငံသို့ (၂ဝ၁၅) ခုနှစ် နှင့် (၂ဝ၂၂) ခုနှစ်တို့တွင် သွားရောက်ခဲ့ပြီး ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် သွားရောက်မည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ အိန္ဒိယရှိ ပြင်သစ်သံရုံးက "အိန္ဒိယနဲ့ ပြင်သစ်တပ်ဖွဲ့တို့ဟာ ပဲရစ်မြို့မှာ ကျင်းပမယ့် စစ်ရေးပြအခမ်းအနားမှာ ဘေးချင်းကပ် ချီတက်သွားမှာဖြစ်ပါတယ် " ဟု ပြောခဲ့သည်။
မိုဒီသည် ဇူလိုင်လ(၁၃)ရက်တွင် ပြင်သစ်သို့ရောက်ရှိမည်ဖြစ်ပြီး ဇူလိုင်လ(၁၄)ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်က တည်ခင်းပေးသော ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ၊ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများ၊ ယဉ်ကျေးမှုဖလှယ်ရေး နှင့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်တင် နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ဇူလိုင်လ(၁ဝ) ရက်တွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသည် ပြင်သစ်နိုင်ငံထံမှ Rafale-Marine တိုက်လေယာဉ် ၂၆ စင်း နှင့် Scorpene အမျိုးအစား ရေငုပ်သင်္ဘော (၃) စီးတို့ကို ဝယ်ယူရန် ခွင့်ပြုချက်ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် အမေရိကန်ဒေါ်လာ(၆ ဒသမ ဝ၅) ဘီလျံ နှင့် ရေငုပ် သင်္ဘောများအတွက် အမေရိကန်ဒေါ်လာ(၄ ဒသမ ၄) ဘီလျံရှိကြောင်း ခန့်မှန်းချက်များအရ သိရသည်။ အဆိုပါသဘောတူညီချက်များကို ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်အတွင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိနေ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ရှိ စီမံကိန်းဦးစီးဌာန၌ လစ်လပ်နေသော ဒုဦးစီးမှူးရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ