နေတိုးအဖွဲ့၏ စစ်ရေးအကူအညီသစ်များကြောင့် တတိယကမ္ဘာစစ်ဖြစ်လာရန် ပိုမိုနီးကပ်လာဟု ရုရှားသမ္မတဟောင်း သတိပေး
Pika (NSS) - ဇူလိုင် ၁၂
နေတိုးအဖွဲ့က ယူကရိန်းသို့ စစ်ရေးအကူအညီများ ပိုမိုထောက်ပံ့ပေးခြင်းသည် တတိယကမ္ဘာစစ်ဖြစ်ပွားလာမည့် အခြေအနေကို ပိုမိုနီးကပ်လာစေကြောင်း ရုရှားသမ္မတဟောင်းဒီမစ်ထရီမက်ဗီဒက် က ပြောဆိုခဲ့သည်။
လစ်သူယေးနီးယားနိုင်ငံတွင် ကျင်းပသော နေတိုးထိပ်သီအစည်းအဝေးပွဲ ပထမနေ့တွင် အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းသို့ စစ်ရေးအကူအညီများ ပိုမိုထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း အဆိုပါစစ်ရေးအကူအညီများသည် ယူကရိန်းတွင်လုပ်ဆောင်နေသော ရုရှား၏ ရည်မှန်းချက်များကို ဟန့်တားနိုင် မည်မဟုတ်ကြောင်း ဒီမစ်ထရီမက်ဗီဒက်က ပြောကြားခဲ့သည်။
၎င်းက "ရူးသွပ်နေတဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ လက်လျှော့ကြမှာ မဟုတ်ပါဘူး။ ဒါက အသေအပျောက်တွေ ပိုမိုများလာစေမယ်။ တတိယကမ္ဘာစစ်ဖြစ်ပွားလာမယ့် အခြေအနေတွေကို ပိုမိုနီးကပ်လာပါပြီ။ အရာအားလုံးက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကို ရည်မှန်းချက်အောင်မြင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။
ယူကရိန်းတွင် လုပ်ဆောင်နေသောလုပ်ရပ်များကို အထူးစစ်ဆင်ရေးဟု ရုရှားဖက်က ပြောဆိုခဲ့သော်လည်း ယူကရိန်း နှင့် အနောက်အုပ်စုနိုင်ငံများက ရုရှားသည် နယ်မြေများသိမ်းပိုက်ရန် နှင့် အိမ်နီးချင်းနိုင်ငံကို လွှမ်းမိုးရန် စစ်ပွဲကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းအနိုင်ရရှိစေလိုသည်ဟုဆိုကာ အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ ခဲယမ်းမီး ကျောက်များ နှင့် ခေတ်မီစစ်လက်နက်ပစ္စည်းအများအပြားကို ထောက်ပံ့ပေးထားပြီဖြစ်သည်။ ထို့အပြင် နိုင်ငံပေါင်း (၁ဝဝ)ကျော်တွင် အသုံးပြုရန် တားမြစ်ထားသော cluster munitions များကို ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်အနေဖြင့် ယူကရိန်းကို cluster munitions များ ထောက်ပံ့ပေးမည်ဆိုပါက ရုရှားဖက်ကလည်း cluster munitions များကို ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာရေးရှိုဂူက ပြောကြားခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံဒေသကို နျူကလီးယားကင်းစင်သည့် ဒေသဖြစ်အောင် လုပ်ဆောင်မည်ဟု အင်ဒိုနီးရှားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ