မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ဆို
Pika (NSS) - ဇူလိုင် ၁၂
မြောက်ကိုရီးယားသည် ဇူလိုင်လ(၁၂)ရက်တွင် ဂျပန်ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ လေပိုင်နက်ကို အမေရိကန်တိုက်လေယာဉ်တစ်စင်း ချိုးဖောက်ဝင်ရောက်ပျံသန်းခဲ့သည်ဟု မြောက်ကိုရီးယားဖက်က စွပ်စွဲပြောဆိုမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်နိုင်ငံက အတည်ပြုခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်ကို နံနက်(၁ဝ)နာရီအချိန်ခန့်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ်အရှေ့ဖက် (၅၅ဝ)ကီလိုမီတာအကွာရှိ ပင်လယ်ထဲသို့ ကျရောက်သွားမည်ဟု ခန့်မှန်းထားကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ယာဆုကာဇူဟာမာဒါ က ပြောကြားခဲ့သည်။
ဇူလိုင်လ(၁ဝ)ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်ညီမဖြစ်သူ ကင်ယိုဂျုံက အမေရိကန်၏လုပ်ရပ်များကို ပြတ်ပြတ်သားသားလက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား၏ သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာသော အမေရိကန်တိုက်လေယာဉ် တစ်စင်းကို ကြားဖြတ်ဟန့်တားရန် အကောင်းဆုံးလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ တို့နှစ်ဦးသည် လစ်သူယေးနီးယားနိုင်ငံ တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ထွက်ခွာသွားချိန်တွင် မြောက်ကိုရီးယား ဖက်က ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးကို ဇူလိုင်လ(၁၂)ရက်တွင် လစ်သူယေးနီးယားနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် ကျူးကျော်မှုများ လုပ်ဆောင်ရန်အတွက် လေ့ကျင့်နေသော အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်မှုတစ်ခုသာဖြစ်ကြောင်း မြောက်ကိုရီးယားဖက် က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အန္တရာယ်ရှိသောအခြေအနေများကို ဖန်တီးနေခြင်းဖြစ်ပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ သည် နိုင်ငံတကာဥပဒေအရ တရားမဝင်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု(၁၂)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့၏ စစ်ရေးအကူအညီသစ်များကြောင့် တတိယကမ္ဘာစစ်ဖြစ်လာရန် ပိုမိုနီးကပ်လာဟု ရုရှားသမ္မတဟောင်း သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ