သဘာဝဘေးကြုံတွေ့ချိန်၌ ပွဲလန့်တုန်းဖျာခင်းသူများကို ထိရောက်သော ပြစ်ဒဏ်များပေးရမည်ဟု တပ်ချုပ် သတိပေး
မျိုးကြီး (NSS) - ဇူလိုင် ၁၁
သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်၌ ပွဲလန့်တုန်းဖျာခင်းသူများကို ထိရောက်သော ပြစ်ဒဏ်များပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားခဲ့သည်။
၎င်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ယမန်နေ့(ဇူလိုင်လ ၁ဝ ရက်)တွင် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့သည် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သော ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်၌ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်ခြင်းများသည် မဖြစ်သင့်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်သွားရန်လိုကြောင်း ၎င်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် အများပြည်သူအခက်အခဲအကြပ်အတည်များ တွေ့ကြုံနေရသည့်အချိန်၌ ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသည့်သူများက မည်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ် ကောင်းဆန်သည့်စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုများရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၎င်းကဲ့သို့ ပြုမူဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိသူများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားရန်လိုအပ်ပြီး ဥပဒေအရ ထိရောက်သည့်ပြစ်ဒဏ်များကို ပေးရမည်ဟုလည်း နစကဥက္ကဋ္ဌ သတိပေးပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်၌ စားရေရိက္ခာပြတ်လပ်မှုမရှိရေး အခြေခံစားသောက်ကုန်များနှင့် သောက်ဆုံးရေများကို ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးထားကြောင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် သစ်၊ သံ၊ သွပ်၊ တာပေါ်လင်စများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးထားကြောင်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားခဲ့သည်။
လက်ရှိတွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သော သစ်ပင်များ ပြန်လည်စိုက်ပျိုးရေးအတွက် ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ ဒီရေတောပင်များကို စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားသည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီ အခြေခံဈေး ယခင်သီတင်းပတ်ထက် ငွေကျပ်(၁ဝဝ)ခန့်မြင့်တက်လာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း