ကုလအတွင်းရေးမှူးချုပ်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ထည့်သွင်းရေးသားသည့်အစီရင်ခံစာကို ကွန့်ကွက်ပယ်ချကြောင်း မြန်မာတုံ့ပြန်
NSS - ဇူလိုင် ၁ဝ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ထည့်သွင်းရေးသားထားသည့်အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း မြန်မာနိုင်ငံဘက်က တုံ့ပြန်လိုက်သည်။
၎င်းအစီရင်ခံစာနှင့်ပတ်သက်၍ နစက၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီက ယမန်နေ့(ဇူလိုင်လ ၉ ရက်)ညပိုင်းတွင် တုံ့ပြန်ထားခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ဇွန်လ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ၎င်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးကို ဇူလိုင်လ ၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစီရင်ခံစာ၌ မြန်မာနိုင်ငံကို အထူးပြုထည့်သွင်းဖော်ပြချက်များပါဝင်ပြီး တစ်ဖက်သတ်တစ်ဆင့် စကားများနှင့်အခြေအမြစ်မရှိသည့် စွပ်စွဲချက်များအပေါ် အခြေခံထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်း မြန်မာနိုင်ငံဘက်က ပြန်လည်တုံ့ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဘက်မှ တိုင်ကြားမှုများကို လက်ခံပြီး တုံ့ပြန်မှုများပြုလုပ်ရန် မည်သည့်အခါမျှတွန့်ဆုတ်ခြင်း မရှိခဲ့ကြောင်းနှင့် ယခုအစီရင်ခံသည့်ကာလအတွင်း၌ ကလေးသူငယ်များ သေဆုံးမှုနှင့်ဖမ်းဆီးခံရခြင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံမှု (၅)ကြိမ်သာ ရရှိခဲ့ကြောင်း နစကဘက်က ဆိုထားသည်။
အစီရင်ခံစာ၌ သေဆုံးကြောင်းနှင့် ဖမ်းဆီးခံရကြောင်း စွပ်စွဲချက်အရေအတွက်များသည် (၁၂)ဆမှ အဆ(၃ဝ)အထိ ဖောင်းပွဖော်ပြထားသည်ကိုလည်း စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်း နစကမှ တုံ့ပြန်ထားသည်။
ထို့ပြင် အစီရင်ခံစာ၌ အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် PDF တို့ကြောင့် ကလေးသူငယ် (၉၇)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၂၇၅)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း မြန်မာနိုင်ငံဘက်က ပြန်လည်တုံ့ပြန်ထားသည်။
ဆက်လက်ပြီး PDF အဖွဲ့များက နိုင်ငံတစ်ဝန်းဆေးရုံနှင့် ဆေးခန်း (၉)ခု၊ စာသင်ကျောင်းနှင့်ပညာရေးအဆောက်အဦး (၁၄၀) ကို တိုက်ခိုက်ခဲ့ပြီး ၎င်းကဲ့သို့ ကျူးလွန်မှုများကို အစီရင်ခံစာ၌ အမှုအမွှားမျှသာဖော်ပြခဲ့ကြောင်းလည်း ထပ်မံတုံ့ပြန်ထားသည်။
ထို့ကြောင့် အစီရင်ခံစာ၌ ပါဝင်သော လိုရာဆွဲဖော်ပြထားသည့် ကိန်းဂဏန်းများနှင့်အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ၎င်းကိစ္စနှင့်စပ်လျဉ်းပြီး ပိုမိုလေ့လာသုံးသပ်ကာ အပြုသဘောဆောင်သည့် ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ရန်လည်း နစကဘက်က တောင်းဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဇာနည်နေ့၌ အနောက်ရွှေဂုံတိုင်လမ်းဟောင်းအပါအဝင် လမ်းအချို့ကို ခေတ္တပိတ်ထားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ