မြန်မာနိုင်ငံလူရွှင်တော်အသင်းကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အဖြစ် ပြောင်းလဲသတ်မှတ်
ရဲပြည့် (NSS) - ဇူလိုင် ၇
မြန်မာနိုင်ငံလူရွှင်တော်အသင်းကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) အဖြစ် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြောင်းလဲပြင်ဆင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
နေပြည်တော် MICC-2 တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲသို့တက်ရောက်အမှာစကားပြောကြားချိန်တွင် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ရုပ်ရှင်၊ သဘင် နဲ့ အရာရာတိုင်းမှာ ဟာသပညာရှင်တွေက ပေါင်းကူးဆက်နွယ်နေပြီးတော့ အနုပညာလောကကို ပိုပြီးဖွံ့ဖြိုးတောက်ပလာအောင် ဆောင်ရွက်နေတဲ့သူတွေလို့ ခံစားမိပါတယ်။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ရှိသင့်တယ်။ ဟာသပညာရှင်တွေက တကယ့်အနုပညာရှင်တွေဖြစ်တယ်ဆိုတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ အခုလိုခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်" ဟုပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ထို့ပြင် အစည်းအရုံးတစ်ခုဖြစ်ရန်မလွယ်ကြောင်း၊ နိုင်ငံတော်မှ အသိအမှတ်ပြုပေးဖို့အတွက်လည်းမလွယ်ခြင်းကြောင့် အစည်းအရုံးဖြစ်ပေါ်လာရခြင်းသည် သာမန်မဟုတ်ဘဲ နိုင်ငံတော်မှ အားထားရသည့် အလေးထားရသည့် ပြည်သူတွေကိုအလုပ်အကျွေးပြုရမည့် အနုပညာရှင် အင်အားတစ်ရပ်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အားဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။
“ကျွန်တော်တို့ လူရွှင်တော်အသင်းကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) အဖြစ်အသိ အမှတ်ပြုပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လူရွှင်တော်အသင်းလေးကို ၂ဝဝ၉ ခုနှစ် လောက်ကစပြီးတော့ လုပ်ခဲ့ပါတယ်။ ကျွန်တော်အခက်အခဲတွေအများကြီးကြားထဲကနေ အရမ်းကြိုးစားရုန်းကန်ခဲ့ရပေမယ့် အခုလိုအသိအမှတ်ပြုပေးတဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်"ဟု မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောသည်။
သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီရန်အောင်၊ အကယ်ဒမီ စိုးသူ ၊ အကယ်ဒမီ စိုးမြတ်သူဇာ နှင့် အကယ်ဒမီ စိုးမြတ်နန္ဒာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ နှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းပြေးဆွဲရေး နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ