ဝင်ငွေနည်းပါးသည့် ပြည်သူများအတွက် ငွေကျပ်(၃)သောင်းခွဲမှ စတင်ငှားရမ်းနိုင်သည့် “မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာစီမံကိန်း စတင်ဖွင့်လှစ်
ယွန်း (NSS) - ဇူလိုင် ၂
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် “မင်္ဂလာရန်ကင်း”ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အငှားအိမ်ရာစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ(၃ဝ)ရက်တွင် ကျင်းပခဲ့ကြောင်း Myanmar Developer Association မှ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းစီမံကိန်းတွင် လေးခန်းတွဲ ငါးထပ်အဆောက်အအုံ (၉၁)လုံးပါဝင်ပြီး အိမ်ခန်းပေါင်း (၁၄၅၆)ခန်းဖြင့် အကောင်အထည်ဖော် တည်ဆောက်ထားခြင်းဖြစ်ပြီး နေထိုင်ရန် လျှောက်ထားသူပေါင်း (၅ဝဝဝ)ကျော်ရှိခဲ့ကြောင်း သိရသည်။
“လျှောက်ထားတဲ့သူ (၅ဝဝဝ)ကျော်ကို ဖွင့်ပွဲနေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အိုးအိမ်ကနေ အခန်းအားလုံးကို မဲနှိုက်ပေးတဲ့စနစ်လေးနဲ့ လုပ်ခဲ့ကြပါတယ်။ လျှောက်လွှာတင်ထားတဲ့သူတွေအထဲကနေမှ မဲနှိုက်ပေးတာပေါ့”ဟု Myanmar Developer Association(MDA) ၏ ဥက္ကဋ္ဌ ဦးသန်းနိုင်က ပြောသည်။
အိမ်ရာငှားခများအနေဖြင့် တစ်လလျှင် ပထမထပ်အတွက် ငွေကျပ်ငါးသောင်း၊ ဒုတိထပ်အတွက် ငွေကျပ်လေးသောင်းခွဲ၊ တတိယထပ်အတွက် ငွေကျပ်လေးသောင်းနှင့် စတုတ္ထထပ်အတွက် ငွေကျပ်သုံးသောင်း သုံးထောင်နှုန်းသတ်မှတ်ထားပြီး ကနဦးပထမအကြိမ်ငှားရမ်းကာလကို (၅)နှစ်သက်တမ်းသတ်မှတ်ပေးထားကြောင်း ဦးသန်းနိုင်မှ ဆက်လက်ပြောသည်။
အဆိုပါ အိမ်ခန်းများကို အဓိကအားဖြင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ အပါအဝင် အငြိမ်းစားဝန်ထမ်းများ၊ ကိုယ်ပိုင်အိမ်မရှိဘဲ ငှားရမ်းနေထိုင်နေရသည့် အစိုးရဝန်ထမ်းများအတွက် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခန်းတစ်ခန်းစီ၏ စုစုပေါင်းအကျယ်အဝန်းသည် စတုရန်းပေ(၆၆၆) ကျယ်ဝန်းကြောင်း ၎င်းမှ ဆက် လက်ပြောသည်။
၎င်းစီမံကိန်းကို ကိုဗစ်(၁၉)ရောဂါနှင့် ပတ်သက်၍ စီးပွားရေးကုစားမှု(CERP)အစီအစဥ်ဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိရေး အပါအဝင် ဝင်ငွေနည်း ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်မှ စတင်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် လမ်းညွှန်မှုကို ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုမိန့်ရရှိခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၁ ခုနှစ်၊ မတ်လတွင် Myanmar Developer Association က စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းနိုင်က ပြောသည်။
နိုင်ငံတော်အနေဖြင့် အိမ်ခန်းပေါင်း(၁ဝဝဝဝ)ပါဝင်သည့် ပြည်သူ့အိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း၏ ပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း(၅ဝဝဝ)ကျော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြန့်ကြတ်ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ၂ဝ၂၇ ခုနှစ်မှာ အပြီးရုတ်သိမ်းမယ်လို့ ထိုင်းဒုတိယဗိုလ်ချုပ်ကြီးပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ