အဂတိမှုကျူးလွန်ရာမှ ရရှိသော ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့် ရုရှား MoU ရေးထိုး
မျိုးကြီး (NSS) - ဇူလိုင် ၂
အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိသော ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်ရယူရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား MoU ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် ရုရှားနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့သည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်တွင် မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ MoU ကို ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် ရှေ့နေချုပ် Mr. Igor Krasnov တို့က လက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပူးပေါင်းကျင်းပရန် ရည်ရွယ်ချက်များဖြင့် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဥပဒေရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိလိုက်စားမှု ကျူးလွန်ရာမှရရှိသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနှင့်ရုရှားတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နစကမှထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ရုရှားရှေ့နေချုပ် Mr. Igor Krasnov က မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသည့် ယဉ်ကျေးမှုတစ်ရပ်ပေါ် ထွန်းလာစေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်အာဏာကို တပ်မတော်က ရယူခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပြီး ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ ရုရှားနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ မြန်မာနှင့် ရုရှားတို့အကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာမှုနှင့်အတူ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံအကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြောင်းအမျိုးမျိုးကြောင့် (၁ဝ)တန်းစနစ်ဟောင်း မတက်ရသေးသူများအနေဖြင့် သင်ရိုးသစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနိုင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ