ရန်ကုန် အပါအဝင် ဒေသသုံးခုရှိ ကလေးအလုပ်သမားများ၏ (၇ဝ)ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုကြောင့် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ILO ပြော
ယွန်း (NSS) – ဇူလိုင် ၂
ရန်ကုန်အပါအဝင် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ ကလေးအလုပ်သမားများ၏ (၇ဝ)ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးခြင်းကြောင့် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ILO က အသိပေးပြောဆိုထားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)က ပြီးခဲ့သည့် ဇွန်လ(၃ဝ)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ဆင်ရဲနွမ်းပါးမှုသည် ကလေးအလုပ် သမားအဖြစ် အလုပ်လုပ်နေရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း ILO က ဆိုထားသည်။
ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသည့် အလုပ်များ နှင့် အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်နေရခြင်းတို့ကို ၎င်းတို့အနေဖြင့် လေ့လာတွေ့ရှိရကြောင်း သိရသည်။
ILO ၏ မြန်မာနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များ၏ အခြေအနေကို အကဲဖြတ်လေ့လာထားသည့် အစီရင်ခံစာအသစ်တွင် ကလေးသူငယ်များအနေဖြင့် မိသားစုကို ထောက်ပံ့ရန်အတွက်အလုပ် လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးအန္တရာယ်ရှိသည့် အလုပ်အကိုင်များ၌ လုပ်ကိုင်နေရသည့်အခြေအနေသည်လည်း မြင့်မားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အိုင်အယ်လ်အို မြန်မာရုံး၏ Asia Regional Child Labour စီမံကိန်း (ARC) မှ ရန်ကုန်၊ ဧရာဝတီနှင့် ကရင်တို့တွင် အကဲဖြတ်လေ့လာမှုများ ပြုလုပ်ခဲ့ရာ အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များအနက် (၇ဝ) ရာခိုင်နှုန်းကျော်သည် အဓိကအားဖြင့် မိသားစုငွေကြေးအခက်အခဲများကြောင့် အလုပ်လုပ်ကိုင်နေရကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်(၁၉)ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် ကျောင်းများပိတ်ခဲ့ရပြီး ကလေးများကို လုပ်ငန်းခွင်အတွင်းသို့ ရောက်စေခဲ့ရခြင်းဖြစ်ကာ ကလေးအလုပ်သမား အခြေအနေကို ပိုမိုဆိုးရွာစေခဲ့ကြောင်း ILO မှ ဆိုထားသည်။
အကဲဖြတ်လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသသုံးခုရှိ ကလေးသူငယ်များ၏ သုံးပုံတစ်ပုံသည် အိမ်အကူအလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေပြီး အခြားကလေးသူငယ်များသည် အဓိကအားဖြင့် စိုက်ပျိုး ရေး၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
၎င်းတို့အနက် အများစုသည် နည်းပါးသည့်လုပ်ခဖြင့် အလုပ်ချိန်နာရီကြာမြင့်စွာ လုပ်ကိုင်နေရကြောင်း ILO မှ အသိပေးပြောဆိုထားသည်။
ကလေးအလုပ်သမားများအနက် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ကလေးသူငယ် (၉ဝ) ရာခိုင်နှုန်းခန့်သည် လေးလံသည့်ဝန်များကို သယ်ရခြင်းနှင့် (၈ဝ) ရာခိုင်နှုန်းကျော်သည် နေပူထဲတွင် မနားရဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ကြရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်တပ်အနေနဲ့ လူသစ်စုဆောင်းဖို့ လက်ရှိအချိန်မှာ ခက်ခဲစွာရုန်းကန်နေရဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ