နိုင်ငံခြားငွေကြေး ဈေးကစားသူနှင့် တရားမဝင်အရောင်းအဝယ်ပြုလုပ်သူ (၅ဝ)ကျော်ကို ဖော်ထုတ်အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်
NSS - ဇွန် ၂၄
နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူများနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူများကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ်အရေးယူလျက်ရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူပုဂ္ဂိုလ် (၅ဝ)ကျော်နှင့် ကုမ္ပဏီများအား အရေးယူရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၂၃) ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ် ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသည့် လူပုဂ္ဂိုလ် (၅၁) ဦးနှင့် ကုမ္ပဏီ (၁) ခုအား လည်းကောင်း၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်းလောင်းကစားခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင်ရွက်ခဲ့ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ (၂) ခုအားလည်းကောင်း သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးခဲ့ပြီး ပြည်ပနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းများအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ရှာဖွေဖော်ထုတ်ကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်ဆက်စပ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း၌လည်း ဖမ်းဆီးစစ်ဆေးခံရမှုများရှိနေကြောင်း ပြင်ပအရောင်းအဝယ်အသိုင်းအဝိုင်းမှသိရှိရကာ ယင်းအခြေအနေကြောင့် ဒေါ်လာအရောင်း အဝယ်များရပ်တန့်နေကြောင်းဈေးကွက်အတွင်းမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူပူသောင်းကျန်းသူအားလုံးကို အပြစ်ပေးအရေးယူသွားမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ