မြန်မာနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး မည့်သည့်ဘက်မှ ရပ်တည်ပေးခြင်းမျိုးမရှိကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ပြော
ဂျန်ဇက် (NSS) - ဇွန် ၂၁
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး မည့်သည့်ဘက်မှ ရပ်တည်ပေးခြင်းမျိုးမရှိ ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံသည် မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ ရှိလာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာအရေးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံရေးအခက်ခဲတွင် ပါဝင်နေသောအဖွဲ့အစည်းတစ်ခုတည်းနှင့် စေ့စပ်ဆွေးနွေးရုံဖြင့် ငြိမ်းချမ်းရေး ကို ရယူနိုင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြီးခဲ့သောရက်ပိုင်းတွင် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ထိုင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက "ကျွန်တော်တို့ ဘယ်ဖက်ကမှ ပါဝင်ရပ်တည်ပေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရေးအခက်အခဲတွေကို အဖြေရှာနိုင်အောင် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ လိုအပ်တယ်။ မြန်မာ နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများဖြစ်နေလို့ ပါဝင်ပတ်သက်တာမျိုး မလိုလားဘူး" ဟု ပြောသည်။
ထိုင်းအစိုးရအနေဖြင့် အဆိုပါအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွင်း ကတိပေးခဲ့ခြင်းမျိုးမရှိကြောင်း၊ လာမည့် အစိုးရအသစ်အနေဖြင့် မြန်မာနိုင်ငံရေးအခြေနေများကို ၎င်းတို့ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း ပရာယွတ်ချန်အိုချာ က ပြောသည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံရေးအခြေနေများကို ဖြေရှင်းနိုင်ရန်အတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပခဲ့ပြီးမတ်လတွင် ဒုတိယအကြိမ်ကျင်းပခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်က ကျင်းပခဲ့သော မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆိုခွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Deng Xijun ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သံတမန်များ အပြင် အခြားအာဆီယံနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း စင်ကာပူ၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များစေလွှတ်ခဲ့ခြင်းမရှိဘဲ မြန်မာ အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံးကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ