နိုင်ငံစီးပွားရေးကျဆင်းမှာ စိုးရိမ်တဲ့အတွက် ထိုင်းပြည်သူအများစု အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ရမှာ လိုလားမှုမရှိကြောင်း (Nida) အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇွန် ၁၈
ထိုင်းပြည်သူအများစုဟာ နိုင်ငံစီးပွားရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ လုပ်ဖို့ စိတ်မဝင်စားကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ထိုင်း National Institute of Development Administration (Nida) အဖွဲ့ဟာ အသက် ၁၈ နှစ်နဲ့အထက် ထိုင်းပြည်သူ ၁၃၁ဝ ကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် အခုလိုမျိုး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၁၄ ရက်ကနေ ဇွန်လ ၁၆ ရက်အထိ ကောက်ယူခဲ့တဲ့စစ်တမ်းမှာ စစ်တမ်းဖြေဆိုသူ အားလုံးရဲ့ ၂၆ ဒသမ ၇၂ ရာခိုင်နှုန်းက အစိုးရကို ဆန္ဒပြမှာဖြစ်ပေမယ့် အကြမ်းဖက်မှုများဖြစ်လာစေတဲ့ ဆန္ဒပြမှုမျိုး မလုပ်ဘူး လို့ ဖြေဆိုခဲ့ပါတယ်။
စစ်တမ်းဖြေဆိုသူ ၂၅ ဒသမ ၄၂ ရာခိုင်နှုန်းက ဆန္ဒမပြဘူးလို့ ဖြေဆိုခဲ့သလို ဆန္ဒပြဖို့ မသေချာဘူးလို့ ဖြေဆိုသူအရေ အတွက်ကလည်း ၂၄ ဒသမ ၁၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။ ထိုင်းပြည်သူများ ဘာကြောင့် ဆန္ဒမပြသလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး စစ်တမ်းအရ မေးမြန်းရာမှာ စစ်တမ်းဖြေဆိုသူ ၅၆ ဒသမ ၈၇ ရာခိုင်နှုန်းက နိုင်ငံ စီးပွားရေးကျဆင်းမှာကို စိုးရိမ်တဲ့အတွက်လို့ ဖြေဆိုကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၃၇ ဒသမ ၁၈ ရာခိုင်နှုန်းက ဆန္ဒပြမှုကြောင့် အကြမ်းဖက်မှုများဖြစ်လာကို စိုးရိမ် ကြောင်း ဖြေဆိုခဲ့သလို အခြား ၃၂ ဒသမ ၉၈ ရာခိုင်နှုန်းက ပြည်သူတွေကြားပဋိပက္ခဖြစ်မှာကို စိုးရိမ်ကြောင်း ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြမှုနဲ့အတူ အကြမ်းဖက်မှုများကြောင့် စစ်အာဏာသိမ်းမှာကို စိုးရိမ်နေသူ ၂၉ ဒသမ ၁၆ ရာခိုင်နှုန်းရှိနေကြောင်း သိရပါတယ်။
ဆန္ဒမပြရတဲ့အကြောင်းအရင်းများစွာရှိနေပြီး လမ်းတွေပိတ်မှာ စိုးရိမ်နေသူများ ရှိနေသလို ပြည်ပနိုင်ငံများ ကြားဝင်စွက်ဖက်မှာ စိုးရိမ်နေသူများလည်းရှိနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့မေလ ၁၄ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ရာ ရှေ့သို့ချီပါတီက မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီး လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် လွှတ်တော်အတွင်းဝန်ကြီးချုပ်အသစ်ခန့်အပ်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်ဒိုဥပဒေနှင့်အညီ ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများဝယ်ယူခွင့်ရရှိမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ