ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ တက်ရောက်ဖွယ်မရှိဟုဆို
ဂျန်ဇက် (NSS) - ဇွန် ၁၈
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်မှာဖြစ်ပေမယ့်စင်ကာပူ၊ အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်မှာမဟုတ်ကြောင်း ထွက်ပေါ်နေတဲ့ သတင်းများအရသိရပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုများပြန်လည်ရရှိစေဖို့ ရည်ရွယ်ပြီး နစက နဲ့ အပြည့်အဝပြန် လည်စေ့စပ်ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်စာပေးပို့ခဲ့ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ့အရေးအတွက် ဇွန်လ ၁၈ ရက်နဲ့ ဇွန်လ ၁၉ ရက်တို့မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း တက်ရောက်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။
နစက တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ဖိတ်စာကိုလက်ခံရရှိခဲ့ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်က (၂)နှစ်ကျော်အတွင်း မြန်မာနိုင်ငံရေးအခြေအနေများတိုးတက်ကောင်းမွန်မှုမရှိဘဲ အာဆီယံထိပ်သီးအစည်းအဝေး သို့မဟုတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ နစကတာဝန်ရှိသူတွေ နဲ့ ပြန်လည်စေ့စပ်ဆွေးနွေးမှုများပြုလုပ်ဖို့ အချိန်မတန်သေးဘူးလို့ဆိုပါတယ်။
အာဆီယံ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သော သတင်းအရင်းမြစ်တစ်ဦးက "မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Dr Zambry Abdul Kadir ဟာ ဇွန်လ ၁၈ ရက်မှာကျင်းပမယ့် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲကို သွားရောက်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာမလေးရှားနိုင်ငံက ကိုယ်စားလှယ်ပါဝင်မှာမဟုတ်ဘူး"လို့ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံကတော့ အဆိုပါ အလွတ်သဘောအစည်းအဝေးကို ငြင်းဆန်ထားပြီး ဖိတ်စာမရသေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ဖူးကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ နဲ့ မလေးရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ခြင်းမရှိဘဲ မြန်မာအပါအဝင် အာဆီယံငါးနိုင်ငံပဲတက်ရောက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီမြစ်အတွင်း အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ