အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံကြားအထင်အမြင်လွဲမှားမှုများကို ဖြေရှင်းနိုင်ရန်အတွက်ဟုဆို
Pika (NSS) - ဇွန် ၁၇
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံသို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းရန်နှင့် မှားယွင်းသောတွက်ချက်မှုများကို ရှောင်ရှားခြင်းဖြင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန်က"နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒါမှမဟုတ် ပဋိပက္ခတွေ မဖြစ်အောင် သံတမန်ဆက်ဆံရေးကို လိုအပ်ပါတယ်။ ဒါက အမေရိကန်နဲ့ တရုတ်တို့ထံကနေ ကမ္ဘာကမျှော်လင့်ထားတဲ့အရာတစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။
အန်တိုနီဘလင်ကန်သည် ဇွန်လ(၁၈)ရက် နှင့် (၁၉)ရက်တို့တွင် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး (၅)နှစ်အတွင်း အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ ပထမဆုံးခရီးစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် တရုတ်၏ စပိုင်မိုးပျံပူဖောင်းများ အမေရိကန်လေပိုင်နက်ထဲသို့ ဝင်ရောက်ပျံသန်းခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြား တင်းမာမှုများရှိခဲ့ပြီး အန်တိုနီဘလင်ကန်သည် တရုတ်နိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ရွှေ့ဆိုင်းခဲ့သော တရုတ်နိုင်ငံ၏ခရီးစဉ်ကို ပြန်လည်စတင်ရန် စီစဉ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသို့ (၅)နှစ်အတွင်း ပထမဆုံးသွားရောက်မည့်ခရီးစဉ်၏ ပထမဆုံးရည်မှန်းချက်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို အကောင်းဆုံးစီမံခန့်ခွဲရန်အတွက် ပွင့်လင်းပြီး အားကောင်းသည့် ဆက်ဆံရေးကို ထူထောင်ရန်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။ ထို့ပြင် အခြားရည်ရွယ် ချက်တစ်ခုသည် အမေရိကန်၏ အကျိုးစီးပွားနှင့် တန်ဖိုးများကို ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားရန်နှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု အကြပ်အတည်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအပါအဝင် ဖြစ်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးကို စူးစမ်းလေ့လာရန်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အလားတူ တရုတ်က ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများ၏ ကိစ္စကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် (၂ဝဝ၆)ခုနှစ်က်တည်းက ဖမ်းဆီးထိန်းသိမ်းထားသော အမေရိကန်သင်းအုပ်ဆရာဒေးဗစ်လင်းနှင့် (၂ဝ၁၆)ခုနှစ်တွင် သူလျှိုလုပ်သည်ဟု စွပ်စွဲခံထားရသော အမေရိကန်စီးပွားရေးသမားကိုင်လီအပါအဝင် အမေရိကန်နိုင်ငံသားများကို စွဲချက်အမျိုးမျိုးဖြင့်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက သံဃာအပါး (၁၀၀၀)လှူဒါန်းပွဲနှင့် ဆီမီး (၁၀၀၀၀)ပူဇော်ပွဲကို ရွှေတိဂုံစေတီတော်၌ ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ