မုန်ခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် “ဝ”အဖွဲ့ UWSA နှင့် FPNCC တို့မှ ငွေကျပ်သိန်း တစ်သောင်းလှူဒါန်း
NP News - ဇွန် ၁ဝ
မုန်ခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် “ဝ”အဖွဲ့ UWSA နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တို့မှ ငွေကျပ်သိန်း တစ်သောင်း လှူဒါန်းခဲ့ကြောင်း ULA/AA ဘက်က သတင်းထုတ်ပြန်ထားသည်။
ယနေ့ (ဇွန်လ ၁ဝ ရက်) နံနက်ပိုင်းတွင် “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့၌ UWSA နှင့် FPNCC တို့မှကိုယ်စား ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက Cyclone Mocha ERRCA ကော်မတီထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ UWSA နှင့် FPNCC တို့က လှူဒါန်းသော ငွေကျပ်သိန်း တစ်သောင်းကို Cyclone Mocha ERRCA ကော်မတီဥက္ကဋ္ဌ၊ ULA/AA ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာညိုထွန်းအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် “ဝ”အဖွဲ့ UWSA က ငွေကျပ်သိန်း(၅ဝဝဝ)နှင့် FPNCC က ငွေကျပ်သိန်း(၅ဝဝဝ) စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်းကို လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို UWSA မှ ဦးဆောင်ကာ KIA၊ TNLA၊ MNDAA၊ NDAA၊ SSPP၊ AA လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ရခိုင်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ULA/AA ထံသို့ NUG အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့များက အလှူငွေများ ပေးအပ်လှူဒါန်းထားသည်ကိုလည်း တွေ့ရှိရသည်။
ပြီးခဲ့သော မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် လူနေအိမ်များအပါအဝင် အဆောက်အဦးများစွာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
လက်ရှိတွင် နစကအနေဖြင့် မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၌ ပြန်လည်ထူထောင်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်(၇)ဘီလျံကို ပေးအပ်ထားသည့်အပြင် လိုအပ်သောပစ္စည်းများကို လေယာဉ်၊ သင်္ဘော၊ ကားများဖြင့် ပို့ဆောင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော ဆက်သွယ်ရေးလိုင်းများသည်လည်း လက်ရှိတွင် ရာခိုင်နှုန်းပြည့်နီးပါး ပြန်လည်ရရှိနေပြီဖြစ်ပြီး စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင်လည်း လျှပ်စစ်မီးပြန်လည်ရရှိနေပြီဖြစ်ကြောင်း နစကဘက်မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ သတင်းထူးများ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း